ကျောက်တံခါးမြို့နယ်

A d v e r t i s e m e n t With Us

February 5, 2021

အာဏာသိမ်းမှုကို ကျောက်တံခါး အခြေခံပညာ ဆရာ ဆရာမများ အပြင်းအထန် ကန့်ကွက်

အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပညာရေး ပြည်သူ့ဝန်ထမ်းတွေနဲ့ ဆရာဆရာမ ၁၀၀ ကျော်စုပေါင်းပြီး ဒီနေ့မနက် ၁၀ ခွဲလောက်က ပဲနွယ်ကုန်းဒေသမှာ ပြုလုပ်ခဲ့ကြပါတယ်။

"စစ်အာဏာသိမ်းမှုကို ကျနော်တို့ ​ပညာရေးဝန်ထမ်းများက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတဲ့ အပြင် ကျန်းမာရေးဝန်ထမ်းများရဲ့ လုပ်ဆောင်ချက် အားပေးပြီး စုပေါင်းပါဝင်ကြတာပါ'' လို့ ဆရာဦးဇင်မင်းအောင် လက်ထောက် ပညာရေးမှူး ကျောက်တံခါးမြို့နယ်က ပြောပါတယ်။ 

မူလတန်းကျောင်းအုပ် တောင်သလဲပင် ဆရာဦးဝင်းညွန့်ခိုင်က "၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ လွတ်လပ်မျှတာစွာ မဲရုံတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ အခုလို အာဏာသိမ်းတာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေကိုအပြင် ပညာရေးဝန်ထမ်းတွေကိုပါ စော်ကားလိုက်တာပါပဲ'' လို့ ပြောပါတယ်။

ကျောက်တံခါးမြို့နယ် ကျောက်တံခါး၊ ဖဒို၊ သူဌေးကုန်း၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း ပညာရေး ဒေသ ၅ နေရာမှ ဝန်ထမ်းစုစုပေါင်း ၁၂၀ ကျော် စုရပ်ကျောင်းနေရာမှာ စုပေါင်း လက်မှတ်ထိုးတာ၊ ဖဲကြိုးနီ ရင်ထိုးအနီများထိုးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့် ဒီမိုကရေစီ၊ တက်ကြွလှုပ်ရှားသူတွေကို  အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီစနစ်နဲ့ အနိုင်ရအစိုးရအား အာဏာပြန်ပေးရေး၊ နိုင်ငံရင်ကြားစေ့ရေး နိူင်ငံတကာတောင်းဆိုမှုတွေနဲ့အတူ ဥပဒေအတွင်းမှ စေ့စပ်ဆွေနွေးရေး စတဲ့ အချက်သုံးချက်ကို တောင်းဆိုခဲ့ကြပါတယ်။

တောင်းဆိုချက်တွေကို မလိုက်လျောပါက  ပြည်သူနဲ့အတူ ဆန္ဒပြ ကန့်ကွက်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ကြေညာခဲ့ပါသည်။

4 weeks Ago

May 21, 2020

ကျောက်တံခါးမြို့နယ်၌ ဆီဘောက်ဆာကားနှင့် ကုန်တင်ကားတိုက်မိ၊ လူ ၁ ဦး  မီးလောင်သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့(တောကျွဲအင်း)မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ် ၁၁၃/၂ အနီးမှာ မေ ၂၁ ရက် မနက် ၂ နာရီလောက်က ဆီဘောက်ဆာကားနဲ့  ၁၈ ဘီးကား တစ်စီးတို့ တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းတစ်ဦး မီးလောင် သေဆုံးသွားတယ်လို့ အောင်မြင်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။ "နောက်ကနေ တိုက်တာ၊ ကျော်တက်တဲ့အချိန်မှာ နောက်ကနေ ဝင်တိုက်မိတာ။ တိုက်တဲ့ကားက မီးလောင်ပြီး သေတာပါ”လို့ အောင်မြင်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း ရန်ကုန်မှ တောင်ငူဘက်သို့ ဦးဇော်မျိုးထက် (၃၅ နှစ်)မောင်းနင်လာတဲ့ ဆီဘောက်ဆာက ရှေ့က မောင်းနှင်နေတဲ့ ၁၈ ဘီးယာဉ်ကို နောက်ကနေ ဝင်တိုက်မိရာက မီးလောင်သွားခဲ့တာပါ။ ၁၈ ဘီးကား ယာဉ်မောင်းနဲ့ နောက်လိုက်တို့က ခုန်ချထွက်ပြေးလွတ်မြောက်သွားပေမဲ့  နောက်က တိုက်မိတဲ့ကားရဲ့ ဒရိုင်ဘာ ဇော်မျိုးထက်ဟာ မီးလောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ယာဉ်တိုက်မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇော်မျိုးထက်ကို အောင်မြင်ရဲတပ်ဖွဲ့စခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့  အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
10 months Ago
Up