ကျောက်တော်မြို့နယ်

June 18, 2021

ကျောက်တော်မြို့နယ်၌ မြေမြှုပ်မိုင်းကွဲပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၇ ရက် မနက်က  မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရသွားပါတယ်။

ယိုးချောင်းဒေသ ငှက်ပျော့ချောင်းကျေးရွာနေ ဒေါ်အေးမြဟာ မနေ့ မနက်က တောထဲကို မျှစ်(ဝါးတုတ်)ခူးသွားရင်း မိုင်းနင်းမိကာပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိလို့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရတယ်လို့ ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“သူက စားဝတ်နေရေးအတွက် တောထဲမှာမျှစ်သွားခူးတယ်။ အဲဒီမှာ မြေမြှုပ်မိုင်းနင်းမိပြီးတော့ ပေါက်ကွဲသွားတဲ့အတွက် ဘယ်ဘက်ခြေကျင်းဝတ်အောက် ပြတ်ထွက်သွားခဲ့တယ်။ ဒဏ်ရာကပြင်းတဲ့အတွက် စစ်တွေဆေးရုံကိုယူလာပြီးတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ” ။

ဒေါ်အေးမြဟာ လက်ရှိဆေးရုံမှာ ဆေးကုသမှုခံယူရာမှာ ကုန်ကျစရိတ်တွေအတွက်  လာရောက်ကူညီထောက်ပံ့ပေးကြသလို အခမဲ့ဆေးကုသပေးတဲ့အတွက် အဆင်ပြေပေမဲ့  ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မုဆိုးမ တစ်ဦးဖြစ်ကာ သမီး တစ်ယောက်က တက္ကသိုလ်တက်နေတာကြောင့်  ဘဝရေရှည်ရပ်တည်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ငှက်ပျော့ချောင်းကျေးရွာအနီးမှာ အရင်ကလည်း မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပြီးနောက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် ၂၀၂၁ ခုနစ် ဇွန်လ ၆ ရက်အထိ သေဆုံးသူ ၄၉ ဦးနဲ့ ဒဏ်ရာရသူ ၇၉ ဦးရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

6 months Ago

September 18, 2020

ကျောက်တော်မြို့နယ်က စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်  ကျေးရွာ ၆ ရွာကနေ ကျောက်တော်မြို့မဟာမုနိ ဘုရားရင်ပြင်ကို ထွက်ပြေးခိုလှုံလာတဲ့ ဒေသခံ ၁၀၀၀ ကျော်ရှိလာလို့ စားနပ်ရိက္ခာအပါအဝင် နေထိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ ကျောက်တော်မြို့နယ် မျောက်တောင်၊ သာစည်၊ အလယ်ကျွန်း၊ ကျောက်ဂူစု၊ ရွှေပြည်သစ်၊ ရွှေပြည်ဟောင်းကျေးရွာတွေက ဒေသခံတွေဟာ မဟာမုနိဘုရားကို စက်တင်ဘာ ၁ ရက်နေ့ကနေ ၈ ရက်အထိ ၉၄၃ ဦး ရောက်ရှိလာကြပြီး စက်တင်ဘာ ၉ ရက်မှ ၁၇ ရက်အတွင်း ရောက်ရှိလာသူ ၄၁၈ ဦး၊ စုစုပေါင်း ၁၃၆၁ ဦးထိ ရှိလာနေပြီလို့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူ ဦးသန်းထွန်းက ပြောပါတယ်။  “ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ တော်တော်များလာတယ်။ နေဖို့နေရာရော၊ အိပ်ဖို့နေရာရော လုံးဝအဆင်မပြေတော့ဘူး။ ပြွတ်သိပ်ပြီးတော့ နေနေကြရတယ်။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်များတယ်။ သက်ကြီးပိုင်းတွေ ပါလာတော့ ပိုပြီးတော့ အခက်တွေ့တာပေါ့။ ရိက္ခာတွေကလည်းပြတ်နေပြီ၊ ဘာမှမရှိတော့ဘူး။ အရမ်းကို အခက်အခဲဖြစ်နေကြတယ်။” ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၈ ရက်နေ့ထိ ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးမှုတွေ ရှိခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ထောက်ပံ့မှုတွေ မရရှိတော့တာကြောင့် အခက်အခဲကြုံလာရတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ကျနော်ဆီကို အဲ့ဒီသတင်းမရသေးဘူး။ တကယ်လို့ ရောက်လို့ ရှိရင် ကူညီကယ်ဆယ်ဖို့အတွက် လုပ်ပေးရမှာပေါ့။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနကို ကူညီဖို့ သတင်းပို့ပေးပါမယ်” လို့ ပြောပါတယ်။ ရွာတွေထဲ တပ်မတော်သားတွေ ဝင်လာပြီး  သေနတ်တွေနဲ့  ခြောက်လှန့်ပစ်ခတ်တာတွေကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ မနေရဲကြတော့ဘဲ အခုလို ထွက်ပြေးလာကြတာလို့ ရွှေပြည်ဟောင်းကျေးရွာက ထွက်ပြေးလာသူတွေက ပြောပါတယ်။ ကျေးရွာသားတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။
1 year Ago
More News
Up