ကျောက်တော်

November 28, 2022

ကျောက်တော်တွင် အစာအဆိပ်သင့်သည့် မိသားစုဝင် ၂ ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းက အစာအဆိပ်သင့်တဲ့ မိသားစုဝင် ၂ ယောက် ထပ်မံသေဆုံးပြီး သေဆုံးသူ ၆ ယောက်အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ် သက်ထင်ရွာမှာ နိုဝင်ဘာ ၂၆ ရက် ညနေ ၃ နာရီကျော်လောက်က ပြောင်းဖူးနဲ့ မှိုစားမိရာကနေ မိသားစုဝင် ၇ ယောက် အစာအဆိပ်သင့်ပြီး နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ ၄ ယောက်သေဆုံးခဲ့ပြီး ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သက်ထင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“လူကြီး ၆ ယောက်ကတော့ သေဆုံးသွားပြီး လသားအရွယ် ကလေးတယောက်ပဲ ကျန်မယ်။ အဲဒီကလေးကတော့ ပြောင်းဖူးတော့ မစားနိုင်လောက်ပေမဲ့ မိခင်နို့ရည်ကနေတဆင့် အဆိပ်သင့်မသင့် မသိရလို့ ကျောက်တော် ပြည်သူ့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်။”

အစာအဆိပ်သင့်ပြီး သေဆုံးခဲ့တဲ့ မိသားစုဝင်တွေကတော့ ဦးသောကြာအောင်နဲ့ ဇနီးဖြစ်သူ ဒေါ်ခိုင်သန်းနု၊ သမီးတွေဖြစ်တဲ့ မစန္ဒာဝင်း၊ မစောသန်း၊ သားဖြစ်သူ မောင်ကျော်ငြိမ်းထွန်းနဲ့ ယောက္ခမတော်စပ်သူ ဒေါ်အောင်မတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို အစာအဆိပ်သင့်ပြီး သမီးဖြစ်သူ လသားအရွယ်ကလေးရဲ့မိခင် မစန္ဒာဝင်းကတော့ ကျောက်တော်ဆေးရုံကို ပို့ဆောင်ရာ လမ်းမှာ အသက်ရှူကြပ်ပြီး ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေစဥ် သေဆုံးခဲ့ကာ ဒေါ်ခိုင်သန်းနု၊ မစောသန်းနဲ့ မောင်ကျော်ငြိမ်းထွန်းတို့ကတော့ ကျောက်တော်ဆေးရုံမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သေဆုံးခဲ့ပြီး ဦးသောကြာအောင်နဲ့ ဒေါ်အောင်မတို့ကတော့ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထပ်မံသေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။

အဲဒီ အစာအဆိပ်သင့်ပြီး သေဆုံးခဲ့သူတွေကို ဒီနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ကျောက်တော်သုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့သိရပြီး စစ်ကောင်စီလက်အောက်ခံ ကျောက်တော်မြို့မရဲစခန်းက ရဲတွေနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကတော့ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲမှာလည်း နိုဝင်ဘာ ၂၃ မနက်ပိုင်းက အစာအဆိပ်သင့်သလိုဖြစ်ပြီး မြောင်းဘွေပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

1 week Ago

ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်ပြီး မိသားစုဝင် ၄ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းက အစာအဆိပ်သင့်ပြီး မိသားစုဝင် ၄ ယောက် သေဆုံးကာ ၃ ယောက်ကတော့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ်၊ ပီချောင်း-သက်ထက်ရွာမှာ မနေ့ ညနေပိုင်းမှာ မိသားစုတစု အစာအဆိပ်သင့်ပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ တယောက် စုစုပေါင်း  ၄ ယောက်သေဆုံးကာ လသားအရွယ်ကလေးငယ်တယောက်အပါအဝင် ၃ ယောက်ကတော့ ကျောက်တော်ပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ သက်ထင်ရွာ ဒေသခံတယောက်က ပြောပါတယ်။

အစာအဆိပ်သင့်ပြီး သေဆုံးခဲ့သူတွေကတော့  ပီချောင်း-သက်ထက်ရွာသား ဦးသောကြာအောင်ရဲ့ အသက် ၅၂ နှစ်အရွယ် ဇနီးဖြစ်သူ ၊ အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူ မစန္ဒာဝင်း၊ အသက် ၂၁ နှစ်အရွယ်သမီးဖြစ်သူ မစောသန့်နဲ့ အသက် ၁၆ နှစ်အရွယ်သားဖြစ်သူကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီမိသားစုဟာ ကျောက်တော်မြို့မစျေးထဲကနေ ပြောင်းဖူးဝယ်ယူ စားသုံးရာကနေ အစာအဆိပ်သင့်ခဲ့တာလို့ သိရပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေး နေပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာ အထက်တန်းကျောင်းခွဲမှာလည်း နိုဝင်ဘာ ၂၃ မနက်ပိုင်းက အစာအဆိပ်သင့်သလိုဖြစ်ပြီး မြောင်းဘွေပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။

1 week Ago

November 16, 2022

ကျောက်တော်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံ ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူရွာမှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက ကန်စောက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၃၉ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျေးရွာသား ၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

ချောင်းတူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ ခမရ ၅၃၉ က လက်နက်ကြီး ပစ်ခတ်တာကြောင့် ချောင်းတူကျေးရွာက ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးကာ ဒဏ်ရာရရှိသူ ၃ ဦးကိုလည်း ယိုးတရုတ် တိုက်နယ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

“ဘာတိုက်ပွဲမှ ဖြစ်တာမရှိဘဲ ခမရ ၅၃၉ က လက်နက်ကြီးနဲ့ ပစ်တာဗျာ။ လက်နက်ကြီးက နေ့လယ် ၁၂ နာရီလောက်မှာ ရွာထဲမှာ ၃ လုံးကျတယ်။ အမျိုးသား ၃ ဦးကတော့ နေရာမှာပဲ သေသွားတယ်။ နောက်ထပ် အမျိုးသားနှစ်ဦးနဲ့ ကိုးတန်းကျောင်းသူတဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ မောင်မောင်ဌေးကတော့ ဒဏ်ရာတော်တော်လေးကို ပြင်းတယ်။ အဲဒီလူနာတွေနဲ့ အလောင်းတွေကိုတော့ ယိုးတရုတ် တိုက်နယ်ဆေးရုံကို အရေးပေါ် ပို့ထားကြရတယ်။”

လက်နက်ကြီးကျည်ထိပြီး သေဆုံးသွားသူ ၃ ဦးမှာ ဦးဦးခင်မောင် (၅၀ နှစ်)၊ ဦးအောင်ကြီးမောင် (၄၈ နှစ်)၊ ဦးဖြူသာထွန်း (၅၀ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူတွေကတော့ ဦးမောင်မောင်ဌေး၊ ဦးဝေသာစိန်နဲ့ ကိုးတန်းကျောင်းသူ မအေးနုရီတို့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် ခမရ ၅၃၉ တပ်ရင်းက လက်နက်ကြီးကျည် ၁၀ လုံးလောက် ပစ်ခတ်ခဲ့တာကြောင့် ချောင်းတူကျေးရွာသားထောင်ချီ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းကလည်း ကျောက်တော်အခြေစိုက် စကခ ၉ က လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွှေပြည်သစ်ကျေးရွာက အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀ ဦးကျော်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၃၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

3 weeks Ago
More News
Up