ကျောက်တလုံးမြို့နယ်ခွဲ

April 3, 2020

ကျောက်တလုံးမြို့နယ်ခွဲ စောင့်ကြည့်စခန်းတခု၌ ပြည်ပက ပြန်လာသူများထံမှ ငွေကောက်ခံမှုရှိနေ

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲ ဆောင်းဖိုးရွာမှာ ၁၄ ရက်စောင့်ကြည့်ထားရှိတဲ့ ပြည်ပက ပြန်လာသူတွေထံကနေ ရွာသူကြီးက ငွေ ၄ သောင်းကျပ်စီ ကောက်ခံနေတယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံတခုကနေ အလုပ်လုပ်ပြီးပြန်လာတဲ့ ခွန်မောင်ငွေက “ခုရောဂါကြောင့် သူများနိုင်ငံမှာ အလုပ်တွေပိတ်ပြီး အလုပ်လက်မဲ့ဖြစ်လို့ ကျနော်တို့ပြန်လာရတာ။ နိုင်ငံတော်က ချတဲ့စည်းကမ်း ၁၄ ရက်နေပေးဖို့ ဆိုတာ ကျနော်တို့ လိုက်နာပါတယ်။ အများသတ်မှတ်တဲ့ ရွာစည်းကမ်းကို ချိုးဖောက်ရင် အပြစ်ရှိလို့ ကျနော်တို့ ခံရမှာပေါ့။ အခု ငွေကြေးမတတ်နိုင်လို့ သူများနိုင်ငံမှာ အလုပ်သွားလုပ်တာ ငွေကြေးကောက်တဲ့ဟာကို မတတ်နိုင်ဘူး” လို့ ပြောပါတယ်။ ဆောင်းဖိုးရွာ အထက ကျောင်း စောင့်ကြည့်ရေးစခန်းမှာ ပြည်ပကပြန်လာသူ ၁၉ ဦးထဲက ၃ ဦးက ငွေကြေးပေးဆောင်ထားပြီးပြီလို့ သိရပါတယ်။ တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က “မြို့နယ်အလိုက် COVID ကော်မတီတွေ အလှူခံလေးတွေနဲ့ ဆီဖိုး၊ ရေသန့် ထားပေးတတာ ပဲရှိတယ်၊ မကောက်ဘူး ငွေကောက်ခွင့်လည်း မရှိဘူးဗျာ။ ကောက်တဲ့သူကို ဘယ်မှာ ညွှန်ကြားချက်ရှိလဲလို့ မေးလိုက်ပါ။ အခက်အခဲရှိရင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေကို တိုက်ရိုက်တင်ပြလို့ရတယ်၊ ငွေကောက်ပြီးလုပ်ပါလို့ မပြောထားဘူး” လို့ ပြောပါတယ်။ အဆိုပါ စောင့်ကြည့်ရေးစခန်းမှာ ပုံမှန် ကျန်းမာရေး စစ်ဆေးပေးတာနဲ့ ပိုးသတ်ဆေးဖျန်းခြင်းတွေ လုပ်ပေးနေပြီး ပြည်ပက ပြန်လာတဲ့သူတွေအားလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ လက်ရှိ ဆောင်းဖိုး အထကစာသင်ကျောင်းမှာ ရောက်ရှိတဲ့ ပြည်ပနိုင်ငံတွေက ပြန်လာသူတွေဟာ ၁၄ ရက်စောင့်ကြည့် quarantine အနေနဲ့ ၇ ရက်နေပြီးပြီ ဖြစ်ပြီး ၁၄ ရက်အဆုံးထိ နေသွားမယ်လို့လည်း ဆိုပါတယ်။ ခွန်ရာဇာ
2 years Ago
Up