ကျောက်ဆည်ခရိုင်

May 2, 2022

စစ်ကောင်စီက ကျောက်ဆည်ခရိုင်၌ ရွာတရွာကို လူ ၂၀ နှုန်း လုံခြုံရေးသင်တန်းတက်ခိုင်း‌နေ

မန္တလေးတိုင်း ကျောက်ဆည်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးသင်တန်းပေးဖို့ ရွာတရွာကို လူဦးရေ ၂၀ ပေးရမယ်ဆိုပြီး ဧပြီ ၂၉ ရက်မှာ စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရပ်ရွာလုံခြုံရေးအတွက် တရွာကို လူဦးရေ ၂၀ နှုန်း သင်တန်း တက်ရောက်ရမှာဖြစ်ပြီး လစာပေးမယ်၊ လက်နက်ပေးမယ်၊ သူတို့ လိုအပ်ရင် ရှေတန်း ခေါ်မယ်ဆိုပြီး ပြောသွားတယ်လို့  ဆိုပါတယ်။

ဒေသခံတဦးက “ရိုးသားတဲ့ပြည်သူတွေကို အသုံးချပြီး နားလည်ပါးရိုက်လုပ်တာလို့ထင်တယ်။ ပထမတော့ စာရင်းပါသွားရင် ရပ်ရွာလုံခြုံရေးအတွက် သင်တန်းပေးမယ်၊ ပြီးရင်လိုအပ်တဲ့ နေရာခေါ်သုံးမယ်ဆိုတော့ ရိုးသားတဲ့ သူတွေရဲ့အသက်တွေနစ်နာတယ်” လို့ ​ပြောပါတယ်။

ကျေးရွာအတွင်းက လူဦးရေကို စာရင်းကောက်ခိုင်းထားပြီး မေ ၅ ရက်မှာ စာရင်းအပြီးတင်ဖို့ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတဦးက “စစ်ကောင်စီဘက်က လူတွေ​ခေါ်တယ်ဆိုတော့ ဒေသခံတွေကတော့ နှစ်ဖက်စလုံး ကြောက်နေေတာပေါ့။ မသိနားမလည်တဲ့ ပြည်သူတွေကို မထိခိုက်စေချင်ဘူး" လို့ ပြောပါတယ်။ 

စစ်ကောင်စီက ပေးအပ်မယ့် သင်တန်းကို တက်ရောက်ဖို့ လှုံ့ဆော်တဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့ မိသားစုဝင်တွေရဲ့ အသက်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့က မေ ၂ ရက်မှာထုတ်ပြန်ပါတယ်။

7 months Ago

May 1, 2021

ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (K.D.D.F) ဖွဲ့စည်း

ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (K.D.D.F) ကို ဖွဲ့စည်းလိုက်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကျောက်ဆည်ဒေသ ပြည်သူတွေပိုင်ဆိုင်တဲ့ အသက်အိုးအိမ်စည်းစိမ်ပစ္စည်း စားသောက်ရိက္ခာတွေကို ဖျတ်ဆီးလုယက်တာ၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းကာ ပြန်ပေးဆွဲတာ စတာတွေပြုလုပ်နေတာကြောင့် ပြည်သူကို ကာကွယ်ဖို့ အခုလို ဖွဲ့စည်းလိုက်တာလို့ ပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြလူထုသပိတ်စစ်ကြောင်းတွေကို ကျောက်ဆည်မှာ ရက်ရှည်ကာလကြာပြုလုပ်ခဲ့သလို  လက်ရှိမှာတော့ ကျောက်ဆည်ခရိုင် မြို့နယ်တွေရဲ့ မဖြစ်မနေ လိုအပ်ချက်အရ KDDF ကို အများသဘောတူညီချက်အရ လူအင်အား ၆၅၀ ကျော်နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့လည်း ပြောပါတယ်။

စည်းလုံးခြင်းသည်အင်အားဆိုတဲ့စကားအတိုင်း ကျောက်ဆည်ဟာ စည်းလုံးနေမယ်ဆိုရင် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့ အင်အားတစ်ခုဖြစ်ပါလိမ့်မယ်။ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ကျန်ရှိတဲ့လူငယ်တွေအနေနဲ့ K.D.D.Fမှာ လာရောက် ပူးပေါင်းပါဝင်ပေးကြပါလို့လည်း ဖိတ်ခေါ်ထားပါတယ်။

K.D.D.Fဟာ စစ်အာဏာရှင်ကို ပုံစံအမျိုးမျိုးနဲ့ တော်လှန်နေတဲ့ Gen-X.Y.Z အားလုံးဖွဲ့စည်းထားတဲ့တပ်ဖွဲ့ ဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်သမားတွေ ကျရှုံးသွားတဲ့အထိ တော်လှန်တိုက်ခိုက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပေါ်ပေါက်ဖို့  ရည်ရွယ်ထားတယ်လို့သိရပါတယ်။

2 years Ago
More News
Up