ကျောက်စိမ်းတူးလုပ်ငန်း

January 20, 2022

ကျောက်စိမ်းတူးလုပ်ငန်းများက စည်းကမ်းမဲ့ မြေစာစွန့်ပစ်နေသဖြင့် ဥရုချောင်းအတွင်း ရွှံနွံများ ပိတ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဖားကန့်-လုံးခင်းရတနာနယ်မြေမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေက စည်းမဲ့ကမ်းမဲ့ မြေစာသွန်မှုတွေကြောင့် ဥရုချောင်းအတွင်းကို ရွှံနွံတွေ စီးဝင်လာနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဆိပ်မူအုပ်စု မမုံကျေးရွာအနောက်မှာရှိတဲ့ လုပ်ကွက်ဟောင်းရေကန်ထဲကို  ဒေသအခေါ် YTT တောင်ကုန်းမှာ တရားမဝင်ကျောက်စိမ်းတူးသူလုငန်းရှင်တွေက မြေစာသွန်မှုကြောင့် ဥရုချောင်း အတွင်းကို ရွှံ့နွံတွေ စီးဝင်နေတာဖြစ်ပါတယ်။

အဲဒီလို စီးဝင်နေမှုကြောင့် ဥရုချောင်းရေစီးဆင်းမှု ပိတ်နေပြီး ဥရုချောင်းပေါ်မှာ ဆောက်လုပ်ထားတဲ့ ယာယီတံတားတွေဟာ ရေနစ်မြုပ်မဲ့အန္တရာယ်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မမုံ ကျေးရွာသားတဦးက "မြေကြီးနဲ့ရေနဲ့ရောထားတဲ့ အနယ်တွေဆိုတော့ စီးမသွားဘဲ ချောင်းကို ကန့်လန့်ဖြတ်ပိတ်လိုက်သလိုကြီးဖြစ်နေတယ်။ ချောင်းရေက နည်းနည်းရှိတာဆိုပေမဲ့ နွံကြောင့် ဖြတ်ပိတ်လိုက်သလို ဖြစ်နေပြီးရေက အပေါ်ဘက်ကို လျှံပြီး အိုင်နေပြီ။ ဒီပုံဆို တံတားတွေပါ မြုပ်သွားနိုင်တယ် "လို့ ပြောပါတယ်။

ဥရုချောင်းအတွင်းကိုအခုလို ရွှံနွံကနယ်တွေ စီးဝင်မှုကြောင့် မိုးရာသီမှာ ရေနစ်မြုပ်မှုအန္တရာယ်ကို ဒေသခံတွေက အထူးစိုးရိမ်နေကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ  စက်ယန္တရား အမြောက်အမြားနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်မှု တွေကို စစ်ကောင်စီက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ 

တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကြောင့် မြေပြိုမှုနဲ့ လူသေဆုံးမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ ပေမဲ့ လုပ်ဆောင်မှုတွေ လျော့မသွားတဲ့အပြင် ပိုပြီးတိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

5 months Ago
Up