ကျောက်စိမ်းတူးဖော်သည့်ကုမ္ပဏီ

A d v e r t i s e m e n t With Us

March 23, 2020

လုံးခင်းရတနာမြေတွင် တရားမဝင် ကျောက်စိမ်းတူးဖော်သည့်ကုမ္ပဏီ ၁ ခုကို အရေးယူ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-လုံးခင်း ရတနာနယ်မြေမှာ တရားမ ဝင်ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတခုကို မတ်လ ၂၂ က မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ ကုမ္ပဏီဟာ ကျောက်စိမ်းသစ်ရွက်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဖြစ်ပြီး  ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာနားက လုပ်ကွက်အမှတ် သ/မ (၃၇၅)မှာ တရားမဝင် ကျောက်စိမ်းတူးဖော်နေခဲ့တယ်လို့ ဖားကန့်မြို့နယ် ရဲမှတ်တမ်းအရ သိရပါတယ်။ အဲဒီလုပ်ကွက်ဟာ အရင်က နေလပွင့်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီရဲ့လုပ်ကွက်ဖြစ်ပြီး ၂ဝ၂ဝပြည့်နှစ်  မတ်လ ၅ ရက်က သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ သက်တမ်းကုန်လုပ်ကွက်မှာ အဲဒီကုမ္ပဏီက ကြီးကြပ်သူ ရဲအောင်အပါအဝင် ၅ ဦးဟာ ဦးစီးပြီး ဘက်ဟိုး ၂စီး ၊ မြေသယ်ယာဉ် ၂စီးနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်နေတာကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးပြီး ရဲတပ်ဖွဲ့အင်အား ၃ဝ ကျော်နဲ့ မတ်လ ၂၂ရက်မနက်က ဖမ်းဆီးခဲ့တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ သူတို့ ၅ ဦးကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ  ၅၀(ခ)နဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဖားကန့်-လုံးခင်းရတနာနယ်မြေမှာ ကျောက်စိမ်းလုပ်ကွက်တွေကို ၂ဝ၁၆ ဧပြီလကတည်းက သက်တမ်းတိုးပေးတာတွေ၊ လုပ်ကွက်လိုင်စင်အသစ်ချထားပေးတာတွေကို ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ၂ဝ၂ဝပြည့်နှစ် မတ်လအထိ သက်တမ်းရှိ ကျောက်မျက်လုပ်ကွက်အနည်းငယ်သာ ကျန်ရှိပါတယ်။  ကျောက်မျက်လုပ်ကွက်အများစုဟာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ပေမဲ့ တချို့ဟာ ကျောက်စိမ်းတူးဖော်တာတွေ ဆက်လုပ်နေကြတယ်လို့လည်း မျက်မြင်ဒေသခံတွေက ပြော ကြပါတယ် ။ မက်လင်ချောင် ကျေးရွာသားတဦးက "ဘယ်လုပ်ကွက်တွေ သက်တမ်းကုန်တယ်ဆိုတာ ကျနော်တို့ရွာသားတွေအကုန်လုံးသိတာပဲ။ သက်တမ်းကုန်လို့ အရင်တူးတဲ့ကုမ္ပဏီက ထွက်သွားပြီလေ။ နောက်ဘယ်ကုမ္ပဏီလား၊ ဘာလား မသိဘူး လာတူးနေတာလေ။ ညညဆို ပွဲတော်ကျနေတာပဲ။ ဘယ်ရဲ၊ ဘယ်စစ်တပ်ကမှ လာဖမ်းတာ မတွေ့ဘူး " လို့ ပြောပါတယ် ။ ဖားကန့်-လုံးခင်းရတနာနယ်မြေရှိ သက်တမ်းကုန်ကျောက်မျက်လုပ်ကွက်တွေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်တာတွေ အဆမတန်များပြားနေတယ်လို့လည်း ဒေသခံတွေက ပြော ကြပါတယ်။ တရားမဝင်ကျောက်စိမ်းတူးဖော်တွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေ အားနည်းလွန်းနေ တယ်လို့ လည်း  အန်အယ်လ်ဒီပါတီဝင် လူငယ်တဦးက ပြောပါတယ် ။  "ခိုးတူးတာတွေက မှော်တိုင်းမှာ လက်ညိုးထိုးမလွဲဘူးဗျ။ ဖမ်းတာက မဖြစ်စလောက်ပဲဖမ်း တာဆိုတော့ ခိုးတူးတာက ဘယ်လိုမှ မပျောက်နိုင်ဘူး " တရားမဝင်ကျောက်စိမ်းတူးဖော်မှုနဲ့ပတ်သက်လို့ ၂ဝ၂ဝပြည့်နှစ် ဇန်နဝါရီ ၁ ရက်က ဘက်ဟိုး ၁ဝစီး၊ မြေသယ်ယာဉ်  ၅ စီးနဲ့ လူ ၁၆ ယောက်ကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၅ဝ(ခ)နဲ့ အမှုဖွင့် အရေးယူခဲ့မှု တကြိမ်သာရှိခဲ့တာပါ။
11 months Ago
Up