ကျောက်စိမ်း

February 18, 2021

ဖားကန့်နှင့်မော်လူး-မော်ဟန် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခွင့် ဆက်လက်ရပ်ဆိုင်း

ကချင်ပြည်နယ် လုံးခင်း ဖားကန့်ရတနာနယ်မြေနဲ့မော်လူး-မော်ဟန် ရတနာနယ်မြေမှာ ကျော်စိမ်းအရိုင်း တူးဖော်မှုလုပ်ငန်းတွေကို ဆက်လက်ရပ်ဆိုင်းထားဖို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (မကလ) က ဖေဖော်ဝါရီ ၁၇ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။ 

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဆက်လက်ရပ်ဆိုင်းရတာလို့ ညွှန်ကြားစာက ဆိုပါတယ်။ ဆက်လက်ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပေမယ့် ဘယ်နေ့ ဘယ်အချိန်ထိ ဆိုတဲ့ အချိန်အကန့်အသတ်ကိုတော့ ပြောဆိုထားတာ မရှိပါဘူး။ 

ဖားကန့်ရတနာနယ်မြေအဖို့ ဒီရာသီမှာ ကျောက်စိမ်းအရိုင်းတူးဖော်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အလားအလာ နည်းသွားပြီး ကုမ္ပဏီအများစု ဒီရာသီမှာ လုပ်ငန်းလုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအသိုင်းအဝန်းက ပြောပါတယ်။

"ဒီအချိန်မှာ လုပ်ငန်းလုပ်လို့ ဘယ်လိုမှမမီနိုင်တော့ဘူး။ ဒီနှစ်က လုပ်မယ့်ကုမ္ပဏီ နည်းသွားပြီ၊ မရှိသလောက်ပါပဲ။ နိုင်ငံရေးနဲ့ဘာနဲ့ဆိုတော့ လုပ်ကြမယ်မထင်ဘူးဗျ" အမည်မဖော်လိုတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတာဝန်ခံ တဦးက ပြောပါတယ်။ 

ဖားကန့်ရတနာနယ်မှာ ကျောက်စိမ်းအရိုင်းတူးဖော်ရေး လုပ်ငန်းတွေကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက် နေ့ကနေ စက်တင်ဘာ ၂၀ ရက်နေ့အထိ မိုးရာသီ ဘေးအန္တရာယ်ကင်းရှင်းဖို့ ရပ်နားခိုင်းတာ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ၂၀၂၁ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ စုစုပေါင်း ၇ လ ရပ်နားခိုင်းခဲ့တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ကျောက်စိမ်းအရိုင်း တူးဖော်ရေး လုပ်ငန်းတွေကို ဆက်လက်ရပ်ဆိုင်းထားဖို့ ညွှန်ကြားတာ ဖြစ်နိုင်တယ်လို့ ဒေသခံနဲ့ ကုမ္ပဏီအသိုင်းအဝိုင်းက ပြောပါတယ်။

ဇော်မိုးထက် (ဖားကန့်)

2 months Ago

January 16, 2021

၅ နှစ်အတွင်း သဘာဝဓာတ်ငွေ့နှင့်ကျောက်စိမ်းရောင်းချမှုမှ ကန်ဒေါ်လာ သန်း ၂၀,၀၀၀ ကျော်ရ

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်း တင်ပို့ရောင်းချတာကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀,၀၀၀ ကျော် ရခဲ့ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ သဘာဝဓာတ်ငွေ့ တင်ပို့တာကနေ ဒေါ်လာသန်းပေါင်း ၃,၉၀၀ ကျော်ရခဲ့ပြီး အများဆုံး ဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာတော့ သန်းပေါင်း ၃,၁၀၀ ကျော်ဖြစ်ပြီး ကျန်တဲ့နှစ်တွေမှာတော့ သန်းပေါင်း ၃,၄၀၀ ကျော်၊ ၃,၅၀၀ ကျော်ရခဲ့ပါတယ်။ အဲဒီ ၅ နှစ်မှာ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်းပေါင်း ၁၇,၅၀၆ ကျော်ဖိုး တင်ပို့ရောင်းချခဲ့ပါတယ်။ ကျောက်စိမ်းကို ပြည်ပတင်ပို့ရောင်းချတာမှာတော့ ၅ နှစ်အတွင်း ဒေါ်လာသန်းပေါင်း ၂,၄၉၆ ကျော် ရခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၉၇၀ ကျော်နဲ့ အများဆုံး ရောင်းချနိုင်ခဲ့ပြီး ကျန်တဲ့နှစ်တွေမှာတော့ သန်း ၃၅၀ ကျော်၊ သန်း ၄၀၀ ကျော် တင်ပို့ရောင်းချခဲ့ပါတယ်။ ပြည်တွင်းအခွန်ဝင်ငွေတခုဖြစ်တဲ့ အောင်ဘာလေသိန်းဆုခွန်ဟာလည်း နှစ်စဉ် သိသိသာသာ တိုးလာခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၆၀,၀၀၀ ကျော်ရခဲ့ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကနေ ၅ နှစ်အတွင်းမှာတော့ အောင်ဘာလေသိန်းဆုခွန်ကနေ ကျပ်သန်းပေါင်း ၄၉၀,၀၀၀ လောက် ရခဲ့တာကို တွေ့ရပါတယ်။
3 months Ago
Up