ကျောက်ခဲတက်ရွာ

August 18, 2021

မင်းကင်းမြို့နယ် ကျောက်ခဲတက်ရွာက အပြစ်မဲ့ပြည်သူ ၃ ဦးအသတ်ခံရ

မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာက အပြစ်မဲ့ပြည်သူ ၃ ဦးကို ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ဩဂုတ် ၁၇ ရက်နေ့က သတ်ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ခဲတက်ကျေးရွာသားတစ်ဦးက “ဖမ်းတာက ဩဂုတ် ၁၆ ရက်နေ့က လာဖမ်းသွာတာ။ ဘာကြောင့် ဖမ်းတာလဲဆိုတော့ဗျာ ဒီကောင်တွေက သွေးကြွနေကြတော့ ရွာထဲကတွေတဲ့လူ အကုန်ဖမ်းတယ်။ ဖမ်းပြီးသတ်တယ်၊ ရိုက်တယ်၊ ညှဉ်းပန်းနှိပ်စက်တယ်။ ဒါသူတို့ လုပ်ရိုးလုပ်စဉ်ပဲလေ” လို့ ပြောပါတယ်။

ကျောက်ခဲတက်ကျေးရွာက အသတ်ရတဲ့ အပြစ်မဲ့ပြည်သူတွေထဲမှာ အသက် ၆၀ အရွယ် ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“ဘာနိုင်ငံရေးမှနားမလည်တဲ့သူတွေဗျ။ မပြေးနိုင်၊ မလွှားနိုင်တဲ့ အသက် ၆၀ အရွယ်အဘိုးကြီးတွေပါဗျာ။ ဦးဘိုအောင်ဆိုရင် အသက် ၆၀၊ ဦးချစ်လွင်ကလည်း အသက် ၆၀ ပဲဗျ။ နောက်တစ်ယောက်ကတော့ ကျန်းမာရေးမကောင်းတဲ့ ကိုဖိုးတုပ် ၂၆ နှစ်ပေါ့။ အဲလူတွေကို ပစ်သတ်တယ်၊ နောက်ပြီးချင်တွင်းမြစ်ထဲ အလောင်းဖျောက်တဲ့ သဘောနဲ့ မျှောပစ်တာတွေ ဒီကောင်တွေလုပ်ကြတာဗျ။” 

စစ်ကောင်စီအားပေးထောက်ခံနေတဲ့ ပျူစောထီတပ်တွေက ကျောက်ခဲတက်ရွာအတွင်း နေအိမ်တွေကို မွှေနောက်ဖျက်ဆီးတာ၊ ပစ္စည်းတွေယူဆောင်တာ၊ အပြစ်မဲ့ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာ အကြိမ်ကြိမ်ပြုလုပ်နေတာကြောင့် ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြပြီး ဆေးဝါးနဲ့ စားသောက်ကုန်တွေလည်း အရေးတကြီး အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 months Ago

August 16, 2021

မင်းကင်းမြို့နယ် ကျောက်ခဲတက်ရွာပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်ခဲတက်ရွာနေ ပြည်သူ  ၆ ဦးကို သြဂုတ် ၁၅ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ မနက်ပိုင်း ၁၀ နာရီလောက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပန်းဆက်ရွာဘက်ကနေ ကျောက်ခဲတက်ရွာ ရောက်လာတယ်။ ပျူစောထီးတွေရဲ့ နေအိမ်က ပစ္စည်းတွေ လာသယ်ရင်း ရွာက ပြည်သူ ၆ ဦးကို ဖမ်းသွားတယ်။” 

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်လောက်ဟာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ညနေ ၄ နာရီလောက်မှာ အမျိုးသမီး ၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

 ကျောက်ခဲတက်ရွာကို ၅ ကြိမ်ထက်မနည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေတာမို့ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေချိန် ရွာထဲက လူသုံးကုန်၊ စားသောက်ကုန်နဲ့ စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းတွေကို ဝင်ရောက်ဖျက်ဆီးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

4 months Ago
Up