ကျောက္ကာ

A d v e r t i s e m e n t With Us

January 10, 2021

ဝယ်လက်မရှိသဖြင့် မုံရွာ ကျောက္ကာရေနံချက်ဖိုလုပ်ငန်း ၁၅၀ ခန့် ရပ်နား

ကုန်ချောဝယ်လက်မရှိတော့တာကြောင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ ကျောက္ကာရေနံချက်ဖိုလုပ်ငန်း လုပ်ကိုင်နေတဲ့လုပ်ငန်း ၁၅၀ လောက် လုပ်ငန်း ရပ်နားနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မုံရွာမြို့နယ်အတွင်း ကျောက္ကာရေနံချက်လုပ်ငန်း လုပ်ကိုင်နေသူ စုစုပေါင်း ၂၀၀ ကျော်ရှိကာ ကိုဗစ်ဒုတိယလှိုင်းကာလ လုပ်ငန်းလည်ပတ်နိုင်တာ ၅၀ နီပါးသာ ကျန်တော့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒေသန္တရရေနံချက်ဖိုပိုင်ရှင် ဦးဝင်းသူရိန်က "ရေနံစိမ်းကို ကျနော်တို့ မကွေးတိုင်းနဲ့ စစ်ကိုင်းအတွင်းကနေရတယ်။ ကုန်ချောဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်တွေကို ချင်းတွင်းမြစ် အထက်ပိုင်းနဲ့ မြန်မာနိုင်ငံ အောက်ပိုင်း ပင်လယ်ငါးဖမ်းတဲ့ ဒေသကို ပို့ဆောင်တယ်။ လက်ရှိအချိန်မှာ ကိုဗစ်ကာလာဖြစ်‌တော့ ကုန်ချောဝယ်လက်မရှိတော့ လုပ်ငန်းနားရတဲ့ ပိုင်ရှင်တွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။ ကျောက္ကာ‌ရေနံချက်လုပ်ငန်းကနေ ထွက်ရှိလာတဲ့ ဓာတ်ဆီ နဲ့ ဒီဇယ် ၆၀ ရာခိုင်နှုန်းကို မြန်မာပြည်အောက်ပိုင်းမှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့နေရာက အများဆုံးဝယ်ယူကြတာပါ။  ကိူဗစ်ရောဂါဖြစ်ပွားပြီး နိုင်ငံခြားကို ငါးတင်ပို့ မရတော့ဘဲ ငါဖမ်းလုပ်ငန်း ရပ်နားထားရတာကြောင့် ဓာတ်ဆီ၊ ဒီဇယ် အသုံးပြုနည်းကာ အရောင်းအဝယ်မရှိ ဖြစ်နေရတယ်လို့ ရေနံချက်ဖိုလုပ်ငန်းရှင် ဦးကျော်စိုးက ပြောပါတယ်။ "လက်ရှိအချိန်မှာတော့ လုပ်ငန်းနားထားသူတွေများတယ်။ လုပ်ငန်းနားရတော့ အလုပ်သမားလေးတွေ အလုပ်မရှိတော့ဘူးပေါ့ဗျာ။ ကုန်ကြမ်းက ရတယ်ဗျ။ ကုန်ချောက ဝယ်လက်မရှိသလောက်ဖြစ်နေတယ်။” ကျောက္ကာရေနံချက်ဖိုလုပ်ငန်းရှင်‌တွေအတွက် ကိုဗစ်ချေးငွေ အစိုးရက ချေးပေးတာရှိပေမဲ့ မရရှိတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေသေးပါတယ်။  လုပ်ငန်းရပ်ဆိုင်းထားရတာကြောင့် ပုံမှန်လုပ်ငန်းလည်ပတ်ချိန်ရောက်တဲ့အခါမှာ လုပ်ငန်းပြန်လည်ရပ်တည်ဖို့ ငွေကြေးခက်ခဲနေတဲ့ လုပ်ငန်းရှင်တွေ များစွာရှိတယ်လို့ သိရပါတယ်။ ကျော်မင်းသန့်
2 months Ago

March 16, 2020

ရေနံစိမ်းစျေးနှုန်း ဆက်တိုက်ကျဆင်းနေသဖြင့် မုံရွာ ကျောက္ကာ ရေနံချက်ဖို ၂၀၀ ကျော် ရပ်နား

ရေနံစိမ်းစျေးနှုန်းနဲ့ ပန့်ဆီစျေးနှုန်းဆက်တိုက် ကျဆင်းနေတာကြောင့် မုံရွာမြို့ ကျေက္ကာကျေးရွာရှိ ရေနံချက်ဖို လုပ်ငန်း ၂၀၀ ကျော် ရပ်နားထားရတယ်လို့ သိရပါတယ်။ ရေနံချက်ဖို လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးချစ်ကိုက “မုံရွာမြို့ ကျောက္ကာမှာ ရေနံချက်ဖို ၂၀၀ ကျော်လောက်ရှိပြီး စျေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတာပါ။ ယခင်လ​​တွေက ရေနံချက်ဆီ ဝါရှယ် ၁ ပေပါကို ကျပ် နှစ်သိန်းဝန်းကျင် ရောင်းချရပြီး အခုရက်ပိုင်းတွေမှာ ၁ ပေပါကို ၁ သိန်းကျပ်နဲ့တောင် ဝယ်သူမရှိ ဖြစ်နေပါတယ်။ ပန့်ဆီစျေးနဲ့ ချက်ဆီစျေးနှုန်းက သိပ်မကွာတော့ ချက်တဲ့သူတွေ မချက်လုပ်နိုင်တော့ဘူး ဖြစ်နေပါတယ်။ ကမ္ဘာရေနံစိမ်းစျေးနှုန်းကလည်း တစည်ကို ဒေါ်လာ ၅၀ ကျော်ကနေ ဒေါ်လာ ၃၀ ဝန်းကျင်ထိ ဆက်တိုက်ကျဆင်းနေတာပါ။ ရေနံ ချက်ဖိုတဖိုကို လုပ်သား ၁၀ ယောက်လောက် ငှားရမ်းကြရပါတယ်။ ကုန်ကြမ်းဝယ်ယူသူ နည်းပါးနေပြီး ရေနံစိမ်း ၁ ပေပါကို မုံရွာအရောက် ၇၅၀၀၀ ကျပ်ဝယ်ယူကြရပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ သရက်ကန်ရေနံမှော်က ရေနံလက်ယက်တွင်းလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်လင်းက “ပြည်ပ ကုန်သွယ်ရေး လမ်းကြောင်းတချို့ ပြတ်တော့နေလို့ ရေနံ တွင်းတူးရာမှာ အသုံးပြုတဲ့ သံပိုက်စျေးနှုန်းတွေ မြင့်တက်နေပြီး အထွက်နှုန်းလည်း ကျဆင်းနေတယ်။ ရေနံမှော်ထဲမှာ ရေနံစိမ်း ၁ ပေပါ ၆၀၀၀၀ အောက်ထိ ကျဆင်းနေပြီး ခုလို စျေးနှုန်းမျိုးနဲ့ ရင်းနှီးမြှုပ်နှံသူ နည်းပါးလာပါတယ်။ ချက်ဖိုတွေရပ်နားထားတော့ ရေနံသယ်ယူပို့ဆောင်နေတဲ့ ဆီဘောက်ဆာကားတွေလည်း ရပ်နားထားရတယ်” လို့ ပြောပါတယ်။ မုံရွာမြို့ရှိ ကျောက္ကာရေနံချက်ဖိုတွေမှာ ကုန်ကြမ်း အနေနဲ့ မကွေးတိုင်း ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို အဓိက အားထားပြီး ဝယ်ယူချက်လုပ်ကြရတာလို့ သိရပါတယ်။ မင်းထီး
12 months Ago
Up