ကျေပွန်ရမည်

December 5, 2020

ပြည်သူအားကိုးသည့် တပ်မတော်ဖြစ်ရန် ကာကွယ်ရေးတာဝန် ယခုထက် ကျေပွန်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

နိုင်ငံနဲ့ ပြည်သူတွေ ဘေးအန္တရာယ်တွေကြုံလာတိုင်း ရှေ့က မားမားမတ်မတ်ရပ်တည် ကာကွယ်ခဲ့တာကြောင့် နိုင်ငံကအားထားယုံကြည်ပြီး ပြည်သူကအားကိုးလေးစားရတဲ့ တပ်မတော်ဖြစ်ဖို့ ကာကွယ်ရေးတာဝန်တွေကို အခုထက်မက ကျေပွန်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့က ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်မှာလုပ်တဲ့ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၆၂ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ပြောခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး အဲဒီတာဝန်ကို ပြည်သူတရပ်လုံးနဲ့ လက်တွဲဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ နိုင်ငံနဲ့ ပြည်သူတွေအပေါ် ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာတိုင်း ရှေ့ကနေ မားမားမတ်မတ်ရပ်တည် ကာကွယ်ခဲ့တာကြောင့် နိုင်ငံက အားထားယုံကြည်ပြီး ပြည်သူက အားကိုး လေးစားရတဲ့ တပ်မတော်ဖြစ်ဖို့ ကာကွယ်ရေး တာဝန်တွေကို အခုထက်မက ကျေကျေပွန်ပွန် ထမ်းဆောင်ရမယ်လို့လည်း ဆိုပါတယ်။ နိုင်ငံသားတွေရဲ့ သဘောဆန္ဒနဲ့အညီ မိမိတို့ကိုယ်စား နိုင်ငံ့အကျိုးဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်တွေကို ရွေးချယ် တင်မြှောက်ရာမှာ ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့လိုသလို သမာသမတ် ရှိရမှာဖြစ်ပြီး ဘယ်လို နည်းလမ်းမကျတဲ့ ဆောင်ရွက်မှုမဆို ယုံကြည်မှုကင်းမဲ့ စေတယ်ဆိုတာကို သတိပြုရမယ်လို့လည်း ပြောခဲ့ပါတယ်။ ဘယ်အချိန် ဘယ်နေရာ၊ ဘယ်အခြေအနေမှာမဆို စွန့်လွှတ်စွန့်စားမှု အပြည့်နဲ့ အမွန်မြတ်ဆုံး သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ရင်း ပြည်သူကိုကာကွယ်စောင့် ရှောက်ခဲ့ကြသလို လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပြည်သူတွေ ရင်ဆိုင်တွေ့ချိန်မှာ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူအတွက် ကဏ္ဍပေါင်းစုံက အစွမ်းကုန်ကူညီကာကွယ်စောင့်ရှောက်နေတာကို အထင်အရှား တွေ့ရမယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ လေ့လာသင်ယူထားတဲ့ စစ်မှုအတတ်ပညာတွေကို ရဲစွမ်းသတ္တိနဲ့ယှဉ်ပြီး စည်းကမ်း စနစ်တကျ လိုက်နာကျင့်သုံးမှ “နောင်တခေတ်၏ အောင်စစ်သည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လက်ရုံးရည်၊ နှလုံးရည်ပါ ပြည့်ဝပြီး နိုင်ငံတော်က အားထားရတဲ့ တပ်မတော်အရာရှိကောင်းတွေ ဖြစ်လာမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းလည်းဖြစ်၊ အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်ရတဲ့ သဘာဝလည်းရှိတဲ့ မိမိတို့ တပ်မတော်အတွက် စည်းကမ်းရှိဖို့ အထူးလိုအပ်ပြီး စည်းကမ်းရှိမှ တပ်မတော် အင်အားခိုင်မာမယ်၊ စွမ်းဆောင်ရည်ထက်မြက်မြင့်မားမယ်၊ ပြည်သူတွေရဲ့ ယုံကြည် ကိုးစားမှုကို ပိုခံရမယ်လို့လည်း ပြောပါတယ်။ စစ်သားကောင်းတယောက်ဖြစ်ဖို့အတွက် ကိုယ်ကျင့်တရားကောင်းဖို့ အထူး လိုအပ်ပြီး တပ်မတော်ဟာ နယ်ဘက်ဥပဒေနဲ့ စစ်ဘက်ဥပဒေတွေကိုသာမက ဂျီနီဗာကွန်ဗင်းရှင်း အပါအဝင် စစ်ပွဲဆိုင်ရာ ဥပဒေတွေကိုပါ လိုက်နာရတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဥပဒေနဲ့မညီဘဲ ပြစ်မှုကျူးလွန်ခဲ့ရင်လည်း ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ခေတ်အခါနဲ့အညီ ရင်ပေါင်တန်းနိုင်တဲ့ စွမ်းရည်ရှိတဲ့တပ်မတော်တရပ်မရှိခဲ့လို့ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရဖူးပြီး နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကောင်းကောင်းကာကွယ်နိုင်ဖို့ တပ်မတော်ဟာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။ ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် သင်တန်းဆင်းအမှတ်စဉ် ၆၂ အထိ ရှိလာပြီ ဖြစ်ပါတယ်။
4 months Ago
Up