ကျူးကျော်နေအိမ်

November 23, 2020

ငပြောင်ဆည်ပိုင်မြေအတွင်းက ကျူးကျော်နေအိမ်များ မဖယ်ရှားပါက အရေးယူမည်

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် သံရွာက ကျူးကျော်နေအိမ် ၁၆ လုံးဟာ ငပြောင်ဆည်ပိုင်မြေအတွင်း ကျရောက်နေတဲ့အတွက် ဖယ်ရှားခိုင်းထားပြီး မဖယ်ပေးပါက အရေးယူသွားမယ်လို့ ကျောက်ဆည်မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးမိုးစန်းက ပြောပါတယ်။ မြို့နယ်ဆည်မြောင်းဦးစီးဌာနက နိုဝင်ဘာ ၁၀ ရက်ကစပြီး အမိန့်စာထုတ်ဖယ်ရှားခိုင်းတာ နှစ်ကြိမ်ရှိပြီဖြစ်ကာ သုံးကြိမ်မြောက်မှာ မဖယ်ရှားပေးပါက ရဲအရေးပိုင်ခွင့်ဖြစ်သွားပြီး အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အမှိုက်ပုံကြီးသာရှိတဲ့ အဲ့ဒီနေရာကို  ရှင်းလင်းနေခဲ့ကြတာဖြစ်ပြီး ကိုဗစ်ကာလမှာ  စားသောက်ရေးအတွက် ရုန်းကန်နေရတဲ့အချိန် အခုလိုနေစရာပါမရှိ ဖြစ်တော့မှာကြောင့် အခက်အခဲ ကြုံတွေ့နေရတယ်လို့ တနေ့လုပ်တနေ့စား ကျူးကျော်တွေက ပြောပါတယ်။ အဲဒီနေရာမှာ နေသူတဦးက “ရဲအရေးပိုင်သွားလို့မှ မဖျက်ဘူးဆိုရင် ဘူဒိုဇာနဲ့ထိုးမယ်တဲ့။ အဲဒီလိုမျိုး ဖြစ်လာမယ်မထင်လို့လည်း ကုန်ကျစရိတ်ခံပြီး ရှင်းလင်းခဲ့ကြတာပါ။ အခုလိုမျိုး နေတယ်ဆိုတာကလည်း စီးပွားဖြစ်မဟုတ်ပါဘူး။ နေစရာမရှိလို့ တဲလေးထိုးနေကြတာပါ” လို့ ပြောပါတယ်။ ဒေါ်မီက “နေစရာမရှိတော့..အရမ်းဝမ်းနည်းမိတယ်။ ကိုယ့်ကလေးက နောက်ဆုံးနှစ်၊ ကျောင်းက မပီးသေးဘူး၊ သူတို့ကအဲ့လိုကြီး ဖယ်ဆိုပြီး စာတွေက တစ်စောင်ပြီး တစ်စောင်ရောက်.. အန်တီတို့က ညလည်းအိပ်မပျော်ဘူး။ စိတ်ဆင်းတွေရဲရတယ်။” လို့ ပြောပါတယ်။ သံရွာက၉ ပရဟိတသမားတဦးဖြစ်တဲ့ ဦးဇော်လင်းအောင် “သူများ အမှိုက်ပုံ စွန့်ပစ်ထားတဲ့နေရာ သူတို့နေတယ်။ ရေပေအနေနဲ့တွက်မယ်ဆိုလည်း လုံးဝအလွတ်ကြီးပါ။ ကျနော်တို့လူတွေက အ,တယ်။ သူတို့ဆည်မြောင်းပိုင်ဆိုပြီး မသတ်မှတ်ခင်ကတည်းက ခုထိ နေလာတဲ့လူတွေ ရှိတယ်။ ဒါ​ပေမဲ့ သူတို့က ကျူးတဲဆိုပြီး သတ်မှတ်သွားတယ်” လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားပေးဖို့ အမိန့်စာထုတ်ဖယ်ရှားတော့မှာဖြစ်ပြီး အဲဒီနေရာမှာ သစ်ပင်စိုက်ပြီး ပန်းခြံပုံစံ လုပ်သွားမယ်လို့ ကျောက်ဆည်မြို့နယ် ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးမိုးစန်းက ပြောပါတယ်။  ကျူးကျော်သူတွေကတော့ ကိုဗစ်ကာလ နေရေး စားရေး အဆင်မပြေတာကြောင့်နဲ့ အခုနေရာဟာ ဆည်မြောင်းလုပ်ငန်းမှာ ထိခိုက်တာ မရှိတာကြောင့် မဖယ်ရှားခိုင်းဖို့ အသနားခံစာ တင်ထားတယ်လို့ သိရပါတယ်။ သတင်း - နွေလှိုင်း(YU)
1 year Ago

February 14, 2020

ပဲခူး ဟံသာ၀တီမြို့ရိုးဟောင်းအတွင်းက ကျူးကျော်နေအိမ် ၁၀၀ ကျော်ကို ဖယ်ရှားမည်

ပဲခူးတိုင်း၊ ပဲခူး ဟံသာ၀တီမြို့ရိုးဟောင်းနဲ့ ကျုံးရိုး တူးဖော်ရေးလုပ်ငန်းအတွင်း ကျရောက်နေတဲ့ ကျူးကျော်အိမ် ၁၀၁ လုံးကို ဖေဖော်ဝါရီလမကုန်ခင် ဖယ်ရှားသွားမယ်လို့ ပဲခူးတိုင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောပါတယ်။ “ပဲခူးဟံသာ၀တီ မြို့ရိုးဟောင်း နဲ့ ကျုံးရိုး ကို ၂၀၁၉ ခုနှစ်ကတည်းက စတင်တူးဖော်ခဲ့ပြီး အခု ၂၀၂၀ မှာ ဆက်လက်တူးဖော်တာတွေ ပြုလုပ်နေပါတယ်။ အရင်နှစ်က ကျုံးရိုးကို ပေအရှည် ၁၈၀၀ လောက် တူးဖော်ခဲ့ပြီး ဒီနှစ်မှာတော့ နောက်ထပ် ပေ ၁၆၀၀ ကျော်လောက် ဆက်လက်တူးဖော်မှာ ဖြစ်ပါတယ်။ အဲဒီကျုံးအတွင်မှာ ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက ဘာသာရေး အဆောက်အဦ တွေ၊ ဌာနဆိုင်ရာ အဆောက်အဦ တွေ ကျူးကျော်နေထိုင်သူတွေနဲ့ စျေးဆိုင်ခန်းတွေအပါအ၀င် အဆောက်အဦ ပေါင်း ၂၄၀၀ ကျော်လောက်ရှိပြီး လက်တလောမှာတော့ ကျိုးတူးဖော်ရေး လုပ်ငန်းအတွင်းမှာရှိတဲ့ ကျူးကျော်အိမ် ၁၀၁ လုံးကို ဖေဖော်ဝါရီလမကုန်ခင်အတွင်း မြေနေရာပေးပြီး ဖယ်ရှားသွားမယ်”လို့ ပြောပါတယ်။ ဟံသာ၀တီ ရှေးဟောင်းကျုံးအတွင်း ကျရောက်လို့ဆိုပြီး အခုဖယ်ရှားမဲ့ ကျူးကျော်တွေက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် မြို့ပတ္တာလမ်းက နေအိမ်တွေဖြစ်ပါတယ်။  ကျောက်ကြီးစုရပ်ကွက်နေ မစပယ်ထွန်းက “အခုလို မြေနေရာအစားပေးတယ်ဆိုတော့ အဆင်ပြေပါတယ်။ တသက်နဲ့တကိုယ် ကိုယ်ပိုင်မြေနဲ့နေဖို့ဆိုတာ မလွယ်တဲ့အတွက် ခုလို ကိုယ်ပိုင်မြေနဲ့ နေရတော့မယ်ဆိုတော့ မမျှော်လင့်တဲ့ အိပ်မက်တခု” လို့ ပြောပါတယ်။ အခုတူးဖော်ထားတဲ့ ကျုံးရိုးပတ်လမ်းကို တင်ဒါအောင်ကုမ္ပဏီကနေ ပထမအဆင့် ၁၈ ပေခွဲ မြေသားဖို့မယ်၊ ပြီးရင် အဲဒီမြေသားပေါ်မှာ ၁၆ ပေအကျယ် ၈၀ ထပ်ခင်းမှာပါ။ အဲဒီဂဝံပေါ်ကမှတဆင့် ၁၄ ပေအကျယ် ကွန်ကရစ် ခင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျုံးရိုးတလျှောက်ကို ပြည်သူတွေ အနားယူအပန်းဖြေဖို့ ထိုင်ခုံတွေလုပ်မယ်၊ ညဘက်တွေပါ အပန်းဖြေနိုင်အာင်လည်း အလှဆင်မီးတွေ တပ်သွားမယ်လို့ သိရပါတယ်။
2 years Ago
Up