ကျူးကျော်နေထိုင်သူများ

May 17, 2020

ရာနှင့်ချီရှိသည့် ကျူးကျော်နေထိုင်သူများကို ကိုလံဘီယာရဲတပ်ဖွဲ့ နှင်ထုတ်

ကိုလံဘီယာနိုင်ငံရဲ့ မြို့တော်ဘိုကိုတာက ဆင်းရဲသားရပ်ကွက်တခုမှာ ရာနဲ့ချီတဲ့ ကျူးကျော်နေထိုင်သူတွေကို ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံး နှင်ထုတ်နေတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး အသွားအလာ ကန့်သတ်ထားချိန်မှာ သူတို့မှာ သွားစရာနေရာလည်း မရှိဘူးလို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီအိမ်တွေဟာ တရားမဝင်ဘူးလို့ ဒေသန္တရ အာဏာပိုင်တွေက ကြေညာခဲ့ပြီး နှင်ထုတ်မယ့် အစီအစဉ်အရ ဖြိုချခံရတော့မှာပါ။ ဒေသခံတွေကတော့ ကျူးကျော်နှင်မယ့် လုပ်ငန်းစဉ်ထဲက ရဲတွေဟာ အင်အား အလွန်အကျွံ သုံးတယ်လို့ စွပ်စွဲပါတယ်။ အိုးအိမ်ဝန်ကြီးကတော့ နှင်ထုတ်တာတွေကို ဇွန်လထိ တားမြစ်ပိတ်ပင်ထားခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီအိမ်တွေကတော့ တရားမဝင် ဖြစ်တဲ့အပြင် မြေပြိုမယ့်ဘေးလည်း ရှိနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ နှင်ထုတ်ခံရတဲ့သူတွေကို ခိုလှုံနေထိုင်စရာ နေရာထိုင်ခင်းအသစ်တွေ ပေးပြီးပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေလည်း လက်ကျန်အိမ်တွေကို အင်အားပြ နှင်ထုတ်နေကြပါတယ်။ ဒေသခံတွေကတော့ သူတို့ကို အကြမ်းဖက် နှင်ထုတ်တယ်လို့ ပြောကြားတာနဲ့ ပတ်သက်ပြီး ဘိုကိုတာ ရဲတွေကတော့ ပြန်လည် တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။ ဒီရပ်ကွက်ထဲမှာ မိသားစု ၁၀၀၀ လောက‌ေနေပြီး လွန်ခဲ့တဲ့ ၂ ပတ်ကစလို့ နှင်ထုတ်နေတာကြောင့် ခုတော့ မိသားစု တရာလောက်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝင်ငွေနိမ့် နိုင်ငံသား အများအပြားဟာ ပုံမှန်မဟုတ်တဲ့ အလုပ်တွေ လုပ်နေကြရပြီး အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဒုက္ခ တွေ့နေကြတာပါ။ တိုင်းပြည်လူဦးရေ သုံးပုံတပုံဟာ ဆင်းရဲမွဲတေမှု အောက်မှာနေရတယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ပြထားပါတယ်။  ကိုလံဘီယာ နိုင်ငံမှာ မေ ၁၇ ရက် မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၉၃၉ ဦးနဲ့  သေဆုံးသူ ၅၆၂ ဦးရှိပြီလို့ သိရပါတယ်။
11 months Ago
Up