ကျီကုန်းရွာ

September 28, 2021

ကျီကုန်းရွာက ရဲမိသားစုဝင် ၅ ဦးအလောင်း ၆ ရက်ကြာအထိ သင်္ဂြိုဟ်ပေးမည့်သူမရှိဖြစ်နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီးကုန်းရွာမှာ စက်တင်ဘာ ၂၂ ရက် ညပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ရဲမိသားစုဝင် ၅ ဦးရဲ့သေဆုံးရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးမယ့်သူ မရှိ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေဆုံးသူ ရဲမိသားစု အလောင်းတွေကို အခုချိန်ထိ လာမကောက်သေးပါဘူး။ အလောင်း တွေက ပုပ်ပွနေပြီး ခွေးစား ကျီးထိုးနေတယ်။ သေဆုံးနေတဲ့ နွားတွေရောပဲ။ ကျီကုန်းရွာဟာ သုသာန်တစပြင်လိုဖြစ်နေတယ်။ သတင်းတွေမှာတော့ ရဲမိသားစု ၄ ဦးလို့ ပါတယ်။ အဲဒီအိမ်မှာ တကယ်နေတာက မိသားစု ၅ ဦးပါ။ သူတို့အားလုံး သေသွားတာပါ” လို့ ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

ဦးရဲမြင့်၊ မစန်းလှိုင်၊ ကေခိုင်ဦး(သမီးအကြီး)၊ ချောစုလှိုင်၊ ကျော့မှူးကေသွယ် စတဲ့ မိသားစု ၅ ဦး အသတ်ခံခဲ့ရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ရဲမိသားစု အသတ်ခံရပြီးနောက် ကျီကုန်း တောင်ရွာကို စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာ အရပ်ဝတ်ရဲနဲ့ စစ်သားတွေလာရောက်ပြီး ငါတို့က PDF တွေကွဆိုပြီး စတင်မီးရှို့ခဲ့လို့ NLD ထောက်ခံသူတွေရဲ့နေအိမ် ၁၈ လုံး မီးလောင်ကျွမ်းခဲ့ကာ၊ စက်တင်ဘာ ၂၄ ရက်နေ့မနက်ပိုင်မှာလည်း ဒုတိယအကြိမ် မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၅ လုံးထပ်မံ မီးလောင်ခဲ့တာဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်၊ ကျီကုန်းတောင်ရွာဟာ အိမ်ခြေ ၅၀ လောက်ရှိပြီး စစ်တပ်က မီးရှို့ခဲ့လို့ နေအိမ် ၂၃ လုံးနဲ့ စပါးကျီတွေရော မီးလောင်ကျွမ်းကာ စပါးတင်းရေ ၃၀၀၀ လောက် ဆုံးရှုံးပျက်စီးသွားတယ်လို့ သိရပါတယ်။ 

နေအိမ်မီးရှို့ခံရတဲ့ ပြည်သူလူထုဟာ နီးစပ်ရာကျေးရွာတွေက သူတို့ရဲ့ဆွေမျိုးသားချင်း တွေဆီ တိမ်းရှောင်နေကြရပြီး စစ်တပ်က မကြာခဏ လာရောက်နေလို့ အခုချိန်အထိ ရွာမပြန်ရဲသေးဘူးလို့ သိရပါတယ်။

3 weeks Ago

September 24, 2021

ကျီကုန်းရွာကို မီးရှို့ပြန်လာသည့်ရဲကား မိုင်းဆွဲခံရသဖြင့် ၆ ဦး အပြင်းအထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာကို မီးရှို့သေနတ်ပစ်ဖောက်ပြီး ပြန်ထွက်လာတဲ့ ကံထူးမစခန်းကရဲကားတစ်စီး ရေဦး-ကလေးဝကားလမ်း ပဲခင်းကြီးသုဿန် အနောက်ဘက် တောင်ဘို့ရင်းတံတားနားမှာမိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲ ၆ ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနက်အစောကြီး ကျီကုန်းဘက်ထွက်သွားတဲ့ ကံထူးမစခန်းကရဲကားအပြန်မိုင်းထိတာတဲ့၊ ကံထူးမစခန်းထဲ ငိုသံရော ဆဲသံရော သေနတ်သံရောဆူညံနေတာပဲ၊ ရဲတစ်ယောက်က သေနတ်နဲ့ စခန်းအပြင်ထွက်ပြေးလာပြီး ပစ်မယ်ခတ်မယ်လုပ်လို့ လိုက်ဆွဲနေတာလည်း မြင်တယ်”လို့ ကံထူးမဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ရဲကားပေါ်မှာ ရဲအင်အား ၁၅ ယောက်လောက် ပါသွားကာ ရဲ ၆ ယောက် ဒဏ်ရာပြင်းထန်ပြီး လူမှုကူညီကယ်ဆယ်ရေးကားတွေ ထွက်သွားကြတယ်လို့ တန့်ဆည်မြို့ခံတစ်ဦးက ဆိုပါတယ်။

တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စုရှိ ကျီကုန်း (တောင်)ရွာကို  စက်တင်ဘာ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့သလို ဒီနေ့မနက်လည်း ကျီကုန်း(မြောက်)ရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့မှာ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီလောက်ကလည်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး လမ်းဆုံဈေးသစ်အနောက်နားမှာ  သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

4 weeks Ago

အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသည့် တန့်ဆည်မြို့နယ် ကျီကုန်းရွာမြင်ကွင်း (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်း (တောင်) ရွာကို စက်တင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံ ပြည်သူလူထုတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

4 weeks Ago

တန့်ဆည် ကျီကုန်းရွာတွင် စစ်တပ်က ဒုတိယအကြိမ်ထပ်မံမီးရှို့၊ နေအိမ် ၅ လုံးခန့် ဆုံးရှုံး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု ကျီကုန်းရွာကို စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ စစ်တပ်က ထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၅ လုံးထက်မနည်း မီးလောင်သွား တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတဦးက “မနေ့က မီးရှို့သွားတာက ကျီကုန်းတောင်ရွာပါ၊ ဒီနေ့ကျီကုန်းမြောက်ရွာကို မီးရှို့နေပြန်ပြီ။ အဲဒီမြောက်ရွာက အိမ်ခြေစိပ်တယ်၊ လောင်ရင်အကုန်တွန်းလောင်မှာ။ အခုတော့ နေအိမ် ၅ လုံးလောက် တက်ကြွလှုပ်ရှားသူနဲ့ NLD ထောက်ခံသူတွေရဲ့နေအိမ်တွေကို ရွေးပြီး မီး ရှို့သွားတယ်” လို့ ပြောပါတယ်။

ကျီကုန်းရွာကို တန့်ဆည်က စစ်ကောင်စီတပ်က စစ်ကားအသေးတစ်စီးနဲ့ ကံထူးမက လိုက်ထရက်ကားတစ်စီး အရပ်ဝတ်တွေနဲ့ မနက်အစောပိုင်း သွားရောက်ပြီး ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာကို စက်တင်ဘာ ၂၂ ရက်ညက ရဲမိသားစု အသတ်ခံရတာနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာလည်း စစ်တပ်ကလာရောက်ကာ လူနေအိမ်တွေကို မီးရှို့သွားလို့ လူနေအိမ် ၁၈ လုံးလောက်နဲ့ စပါး ၆၀၀ လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။

4 weeks Ago
Up