ကျိုင်းတုံ

February 15, 2021

ကျိုင်းတုံတွင် ဆန္ဒပြ လူငယ် ၄ ဦး ထပ်မံ ဖမ်းဆီးခံရ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပြီး ဆန္ဒပြလူငယ်တွေကို ရဲက လိုက်လံဖမ်းဆီးရာမှာ ၄ ဦး အဖမ်းခံထားရပါတယ်။ 

ကျိုင်းတုံပြည်သူတွေဟာ ဒီမနက်က ဆန္ဒပြပြီးတာနဲ့ လမ်းခွဲပြီး ကိုယ့်အိမ်ကိုယ်ပြန်စဉ် ရဲတွေက လိုက်ဖမ်းတာ လူငယ် ၄ ဦး ပါသွားကြောင်း၊ သူတို့ကို ပြန်လွှတ်ပေးဖို့  အခုရဲစခန်းမှာ လူအုပ်ကြီးက အော်ဟစ်တောင်းဆိုနေကြတယ်လို့  ကျိုင်းတုံဒေသခံ တစ်ဦး က ပြောပါတယ်။  

“ဆန္ဒပြပြီး ကိုယ့်အိမ်ကိုယ်ပြန်နေတုန်း လိုက်ဖမ်းတာ ကျနော့်အသိတယောက်က နောင်တုံ ကန်နားမှာ အဖမ်းခံရတာ၊ နေ့လယ် ၁၂ နာရီလောက်က၊ သူက ဘယ်သူနဲ့မှလဲ ရန်မဖြစ်ရဘဲနဲ့ သူ့ကို ရန်ဖြစ်လို့ ဆိုပြီးဆွဲခေါ်သွားတာ။ သူက အဖမ်းခံရပေမယ့် သူ့ဖေ့စ်ဘွတ်ခ်ကို တယောက် ဝင်သုံးနေတယ်။ ကျန်တဲ့လူတွေတော့ ဘယ်နားအဖမ်းခံရလဲ မသိရဘူး။ အခုဖမ်းထားတာ ကျနော်သိသလောက် ၄ ယောက်ရှိတယ်။ မောင်ဂျူးလီ၊ မောင်လွှမ်းကျော်၊ နန်းခမ်းဖူးမြတ်နဲ့  ယွန်းလဲ့နန္ဒာ၊ ကျိုင်းတုံတက္ကသိုလ်က ၂ ယောက်ပါတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ အခု ကျိုင်းတုံရဲစခန်းရှေ့ ကျောက်တိုင်နားမှာ ဆန္ဒပြနေတယ်ခင်ဗျ။ မလွှတ်မချင်းမပြန်ဘူးလို့ ပြောထား ကြတယ်။ ကျိုင်းတုံက မိဘပြည်သူတွေ လာဝိုင်းရံကူကြပါဦး ခင်ဗျာ။ မတရားအဖမ်းခံရတာပါ။” 

ကျိုင်းတုံမှာ ဆန္ဒပြရာမှာပါဝင်တဲ့  ပရဟိတကျောင်းဆရာမ နန်းရှဲန်လာ ခေါ် မီဆောကို ဖေဖော်ဝါရီ ၈ ရက်နေ့ဖမ်းဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က စိုင်းဝင်းတစ်ပ်နဲ့ တခြားလူငယ် ၁ ဦး အဖမ်းခံရပြီး လူငယ်ကတော့ အသက် ၁၈ နှစ်မပြည့်လို့ ပြန်လွှတ်လာပြီဖြစ်ကာ ကျန်တဲ့ ၂ ယောက်ကို ဘယ်မှာ ထိန်းသိမ်းထားလဲဆို မသိရသေးပါတယ်။ 

ကျိုင်းတုံမှာ မနေ့ညကလည်း စစ်ကားတွေ မြို့ထဲအနှံ့မှာ လာရပ်ထားတယ်လို့ ဆိုပါ တယ်။ ဆန္ဒပြဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်ရင် လာဖမ်းမယ်လို့ ရဲက ခြိမ်းခြောက်ထားလို့ လူငယ်အတော်များများ ညဆိုရင် ကိုယ့်အိမ်မှာကိုယ်မအိပ်ဘဲ တခြားနေရာတွေမှာ တိမ်းရှောင်နေ ရတယ်လို့ ကျိုင်းတုံလူငယ်က ပြော ပါတယ်။ 

4 months Ago

February 12, 2021

ကျိုင်းတုံ၊ ကွန်ဟိန်း နှင့် အခြားမြို့တို့တွင် စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြသူအချို့ ဖမ်းဆီးခံရ

ရှမ်းပြည်နယ် ကျိုင်းတုံ၊ ကွန်ဟိန်းနဲ့ တခြားမြို့တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့သူ တချို့ရော၊ စီဒီအမ်လှုပ်ရှားမှုမှာ အလုပ်မဆင်းတဲ့ ကျန်းမာရေးဝန်ထမ်းတချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ 

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာဆိုရင် ပရဟိတကျောင်းဆရာမ ၁ ဦး နဲ့ ဆန္ဒပြတဲ့ထဲမှာပါတဲ့ လူငယ် ၂ ဦးတို့ ဖမ်းဆီးခံရပြီး ဆန္ဒပြပုံတွေ ဖေ့စ်ဘုတ်ပေါ်မတင်ရဘူးဆိုပြီး ခြိမ်းခြောက်ခံနေရတယ်လို့ ဆန္ဒပြတဲ့ထဲပါဝင်တဲ့ ကျိုင်းတုံလူငယ်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ ကျိုင်းတုံမှာ အဖမ်းခံရတာ သိရသလောက်တော့ ၃ ယောက် ရှိတယ်ခင်ဗျ၊ ပရဟိတအလုပ် လုပ်တဲ့ ကျောင်းဆရာမ နန်းရှဲန်လာ ခေါ် မီဆောက ပြီးခဲ့တဲ့ ၈ ရက်နေ့က အဖမ်းခံရတယ်။  နောက် မနေ့ နေ့လယ်က ၂ ယောက်၊ ဆန္ဒပြတုန်းက ရှေ့ဆုံးကနေ အလံကိုင်ပေးတဲ့ စိုင်းဝင်းတိပ်နဲ့ တက်ကြွလှုပ်ရှားတဲ့ လူငယ်လေးတယောက်၊ ဆန္ဒပြတုန်းကတော့ လွှတ်ထားပေးတယ်။ သူတို့ အိမ်ပြန်ရောက်တော့ အိမ်မှာ သွားဖမ်းတာ၊ ကျိုင်းတုံရဲတပ်ဖွဲ့က လာဖမ်းတာပါခင်ဗျ။ ညနေပိုင်းကတော့ တက်ကြွတဲ့လူငယ်လေးက အရွယ်မရောက်သေးတဲ့ ကလေးမို့ ပြန်လွှတ်ပေးလိုက်တယ်တဲ့ ၊ ဆရာမနဲ့ စိုင်းဝင်းတပ့်တော့ မလွှတ်သေးဘူး။”

ဒါ့အပြင် ဆန္ဒပြနေတဲ့ ဗွီဒီယိုဖိုင်တွေ ဓာတ်ပုံတွေ ဖေ့စ်ဘုတ်ပေါ် မတင်ရကြောင်း၊ တင်ထားတာတွေလည်း အကုန်ပြန်‌ဖျက်ခိုင်းပြီး မလိုက်နာဘူးဆိုရင် လာဖမ်းမယ်လို့လည်း ခြိမ်းခြောက်ခံရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ဆန္ဒပြတဲ့ထဲပါတဲ့ ကျောင်းသားတွေဟာ ညဆို ကိုယ့်အိမ်မှာကိုယ် မအိပ်ရဲဘဲ တခြားအိမ်မှာ သွားအိပ်နေကြကြောင်း၊ အခုလို ခြိမ်းခြောက်ခံနေရပေမယ့် ရည်ရွယ်ချက်တော့ အပျက်မခံဘဲ ဆန္ဒပြမှုတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ သူတို့ဟာ အမှန်တရားအတွက် ဆောင်ရွက်နေတာမို့ တနေ့မှာ အောင်မြင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိကြောင်း ကျိုင်းတုံလူငယ်က ပြောသွားပါတယ်။ 

အလားတူ ကွန်ဟိန်းမြို့နဲ့ ကာလိမြို့နယ်ခွဲမှာလည်း မနေ့က SNLD ကျားခေါင်းပါတီအဖွဲ့ဝင် ၃ ဦး အဖမ်းခံထားရတယ်လို့ ကွန်ဟိန်းမြို့ SNLD ပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းစံထွန်းက ပြောပါတယ်။ 

“ကျနော်တို့ဆီမှာ ဆန္ဒပြလို့ အဖမ်းခံရတာ ၃ ယောက်၊ အားလုံး ကျနော်တို့ ကျားခေါင်းပါတီဝင်တွေချည်းပါပဲ။ ကွန်ဟိန်းမှာ စိုင်းလှိုင်ခမ်း ဆိုတဲ့လူငယ်၊ နောက် ကာလိမြို့ နယ်ခွဲက စိုင်းဟန်နဲ့ စိုင်းမိုးဇော်တို့ ဖြစ်ပါတယ်ခင်ဗျ။ သူတို့ကို ကွန်ဟိန်းရဲတပ်ဖွဲ့က မနေ့ နေ့ခင်းပိုင်းမှာ လာဖမ်းသွားတာ။ ရဲစခန်းကို လိုက်သွားတယ်၊ စားစရာနဲ့ စောင်တွေ သွားပို့ပေးတယ်။ သူတို့မိသားစုတွေလည်း သွားတွေ့ကြပါတယ်။ ဘာအမှုနဲ့ ဖမ်းသလဲဆိုတာ ရဲက မပြောသေးဘူး။ အုပ်ချုပ်ရေးရုံးကတော့ သဘာဝနဲ့ ကူးစက်ရောဂါတားဆီးရေးဥပဒေအရ ပုဒ်မ ၂၅ နဲ့ ဖမ်းတာ ဖြစ်နိုင်တယ်လို့ ပြောတယ်။”

ကွန်ဟိန်းက ဆန္ဒပြမှုမှာ ဖေဖော်ဝါရီ ၉ ရက်နဲ့ ၁၀ ရက်မှာရှိခဲ့ပြီး ပါတီဝင် ၃ ဦး အဖမ်းခံရကြောင်းကို ပါတီဗဟိုကော်မတီသို့ အကြောင်းကြားထားကြောင်း၊ သူတို့ အမြန်ဆုံး လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာတွေနဲ့ တွေ့ဆုံညှိနှိုင်းနေတယ်လို့ ဦးစိုင်းစံထွန်းက ပြောသွားပါတယ်။ 

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပဲ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူး၊ မိုင်းပန်၊ လဲချား စတဲ့ပြည်သူ့ဆေးရုံကို အရပ်ဝတ် ရဲနဲ့ စစ်တပ်က ဆိုတဲ့သူတွေ ရောက်လာပြီး ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအချို့ကို ဖမ်းဆီးဖို့ပြုစဉ် ကျန်သူတွေက ဝိုင်းရံကာ အချေအတင်ဖြစ်နေတဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ ပြန့်နေတာကို တွေ့ရပါတယ်။ 

ဖြစ်စဉ်အမှန်နဲ့ နောက်ဆက်တွဲတွေ သိရဖို့အတွက်တော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

4 months Ago
More News
Up