ကျိုက်မရော

August 21, 2021

ကျိုက်မရောမြို့နယ်က ရေဘေးသင့် ကျေးရွာများ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရေကြီးခဲ့တဲ့ ကျေးရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

ရေကြီးရေနစ်မြှုပ်ခဲ့တဲ့ ကျိုက်မရောမြို့နယ်က ပေါလော၊ ဖာသိမ်း၊ ဦးလေး၊ ငပြေမကျေးရွာ အပါအဝင် ကျေးရွာ ၈ ရွာလောက်မှာ ကျေးရွာနေပြည်သူ ၅ ပုံ ၁ ပုံလောက်  နေထိုင်မကောင်း ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာ အများစုက ပြည်သူတွေဟာ ဆေးဝါး လက်လှမ်းမီရရှိမှု နည်းတာအပြင် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရကြတဲ့အတွက်ကြောင့် နေအိမ်မှာပဲ ရောဂါကုသနေကြရပါတယ်။

ဒါအပြင် ကျေးရွာတွေအတွင်းမှာတော့ အနံ့ပျောက်သူတွေ ရှိလာပေမယ့် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြသလို ကျန်းမာရေး ဗဟုသုတ သိရှိမှု အားနည်းကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကိုဗစ်အရေးကူညီနေတဲ့ ဆရာဝန်တွေကတော့ အခုနောက်ပိုင်းဟာ ကျေးရွာတွေမှာ ကိုဗစ်ဖြစ်ပွားမှုကို အထူးဂရုစိုက်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကျိုက်မရောမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၀၀ ကျော် တွေ့ရှိထားပြီး အဲဒီထဲမှာ ကိုဗစ်လူနာ ၅၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

1 month Ago

July 28, 2021

ကျိုက်မရောတွင် ကျေးရွာ ၁၀ ရွာကျော်ရေနှစ်မြုပ်၊ အိမ်ထောင်စု ၅၀၀ နီးပါး ဘေးလွတ်ရာရွှေ့

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ကျေးရွာ ၁၀ ရွာထက်မနည်း ရေနစ်မြုပ်နေပြီး ဆေးဝါးနဲ့ သောက်ရေတွေ အရေးပေါ် လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ ကျိုက်မရောမြို့နယ်က ဦးလေး၊ ငါဗြေမ၊ ချောင်းနှစ်ခွ၊ ရွှေဝါချောင်း၊ ဖားဘောင်ကျေးရွာအပြင် ကျေးရွာအများစုမှာ မိုးရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက်မြင့်လာနေတာကြောင့် ရေနစ်မြှုပ်နေတာ ဖြစ်ပါတယ်။

ကျေးရွာအချို့မှာ ဇူလိုင် ၂၈ ရက်နေ့က ရေ ၁၀ ပေလောက်ထိ  မြင့်တက်လာပြီး ရေနိမ့်ပိုင်း ကျေးရွာနေသူ အိမ်ထောင်စု ၅၀၀ နီးပါး ဘေးလွတ်ရာကို ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့ထားရပါတယ်။

အဲဒီကျေးရွာမှာ ရေကြီးနှစ်မြှုပ်မှုကြောင့် သောက်ရေတွေ လိုအပ်နေသလို အချို့ကျေးရွာတွေမှာဆိုရင် ကိုဗစ်အတည်ပြုလူနာတွေ ရှိနေတဲ့အတွက်ကြောင့် ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတယ်လို့ ကျိုက်မရောမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

ဒါအပြင် ကျိုက်မရောမြို့နယ် ရပ်ကွက်အချို့မှာ ရေကြီးနေဆဲဖြစ်လို့ အိမ်ထောင်စု ၅၀ ကျော်ကို ကျိုက်မရောမြို့ အထကခွဲစာသင်ကျောင်းမှာ ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရပါတယ်။

ကျိုက်မရောမြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ရေကြီးတုန်းက ပြည်သူ ၃ ဦး သေဆုံးထားပါတယ်။

2 months Ago
More News
Up