ကျိုက်ထီးရိုးဘုရား

May 16, 2022

ကျိုက်ထီးရိုးဘုရား မိုးကြိုးစက်ကွင်းထိမှန်၊ ကြီးမားသည့် ထိခိုက်မှု မရှိဘူးဟု ဂေါပကပြော

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ  ဆံတော်ရှင် ကျိုက်ထီးရိုးစေတီဟာ မေလ ၁၆ ရက် မနက် ၃ နာရီလောက်က  မိုးကြိုးစက်ကွင်း အနည်းငယ် ရှပ်ပြီး ထိမှန်ခဲ့တယ်လို့ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

မိုးကြိုးစက်ကွင်း ရှပ်ပြီး ထိမှန်တာကြောင့် ဘုရားကျောက်လုံးတော်  ၃ ပေ ပတ်လည်မှာ ရွှေသရိုးဖတ် အနည်းငယ် ကွာကျခဲ့သလို ဘုရားပတ်လမ်း အနောက်တောင်ထောင့်မှာလည်း ၆ လက်မလောက်ရှိတဲ့ သစ်စေးသရိုးဖတ် ကွာကျခဲ့တာပါ။

ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူတဦးက “မိုးကြိုးစက်ကွင်း အနည်းငယ် ရှပ်ပြီး ထိမှန်တာပါ၊ ကြီးမားတဲ့ ထိခိုက်မရှိပါဘူး၊ ဒါကို လူတွေက ပုံကြီးချဲ့နေတာ၊ အရင်တုန်းကလည်း ဒီလို တစ်ခါ ဖြစ်ဖူးတယ်” ပြောပါတယ်။

ကျိုက်ထီးရိုးစေတီ မိုးကြိုးစက်ကွင်း အနည်းငယ်ရှပ်ပြီး ထိမှန်ခဲ့တဲ့အတွက်ကြောင့် နေ့လယ် ၁ နာရီလောက်မှာ သြဝါဒဆရာတော်ကြီးတွေကို လျှောက်ထားပြီး ဆရာတော်တွေရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကျိုက်ထီးရိုးစေတီနဲ့ အနီးတဝိုက်မှာ တပ်ဆင်ထားတဲ့ မိုးကြိုလွှဲတွေကိုလည်း ကျွမ်းကျင် ပညာရှင်တွေ ခေါ်ယူပြီး စစ်ဆေးသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ကျိုက်ထီးရိုးစေတီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းကတည်း မိုးကြိုးစက်ကွင်း အနည်းငယ် ထိမှန်ခဲ့ဖူးပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီဟာ နှစ်စဉ်ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သန်းနဲ့ချီ လာရောက်နေတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ဘုရားဖူး ဝင်ရောက်မှု သိသိသာသာ ကျဆင်းလာတာ ဖြစ်ပါတယ်။

ကျိုက်ထီးရိုစေတီရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့ထိ ၇ လတိုင်တိုင် ကျင်းပခဲ့တာပါ။

11 months Ago

October 7, 2021

ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်ကျော်လောက်ပိတ်ထားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က ကျိုက်ထီးရိုးဘုရားကို  မွန်ပြည်နယ်စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ 

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဘုရားဖူးခွင့် ကန့်သတ်ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့  ကျိုက်ထီးရိုးဘုရားပြန်ဖွင့်ဖို့နဲ့ လာမယ့် သီတင်းကျွတ်လပြည့်မှာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပဖို့ ပြည်နယ်စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။

ကျိုက်ထီးရိုးဘုရား ပြန်ဖွင့်ဖို့အတွက် အောက်တိုဘာ ၂ ရက်နေ့မှာ ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ဘုရားဂေါပကအဖွဲ့နဲ့ တောင်တက်မော်တော်ယာဉ်းအသင်းတွေကို သွားရောက် တွေ့ဆုံပြီး ဘုရားဖူးရာသီ ပြန်ဖွင့်ရင် စနစ်တကျ ပြင်ဆင်ထား ညွှန်ကြားထားတာလို့ ကျိုက်ထီးရိုး အာဏာပိုင်အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားပြန်ဖွင့်နိုင်ဖို့အတွက် ဈေဆိုင်းတန်းတွေ၊ စားသောက်ဆိုင်တွေအနေနဲ့ စနစ်တကျ ပြင်ဆင်ထားဖို့နဲ့ ဘုရားဖူးရာသီမှာ ကိုဗစ်စည်းကမ်းချက်နဲ့အညီ လုပ်ဆောင်ကြဖို့ ညွှန်ကြားထားပါတယ်။

ကျိုက်ထီးရိုး ဘုရားပြန်ဖွင့်ဖို့ ပြင်ဆင်မှုဟာ လက်ရှိကာလ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘုရားဖူးပြည်သူတွေအတွက် လုံခြုံရေးအတွက် စိတ်ချလို့မရတဲ့ အခြေအနေမှာ ရှိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုကြပါတယ်။

ကျိုက်ထီးရိုးဘုရား ဖွင့်လှစ်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဟာ ပြည်သူတွေ ကိုဗစ်ဘေး၊ စစ်ဘေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှုကို ပြသခြင်းလို့ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဒေသခံလူငယ်တွေက ပြောကြပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မဟာ KNLA တို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသလို မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပါတယ်။

1 year Ago
Up