ကျိုက်ထိုမြို့နယ်

November 23, 2021

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁ ခုကို ကေအန်ယူတိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီရဲ့တပ်စခန်းတခုကို  ကေအန်ယူ တပ်မဟာ ၁ လက်အောက်ခံ KNLA တပ်ရင်း ၃ က သွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဘက်က ၃ ဦး ဒဏ်ရာရရှိပြီး မော်တော်ယာဥ်ရုံ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၇ (သိမ်ဇရပ်)တပ်စခန်းကို တပ်မဟာ ၁၊ KNLA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်တွေက အန်စီအေစာချုပ် ပါအချက်တွေကို ချိုး​ဖောက်ပြီးဝင်ရောက်လာသလို ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး အကြိမ်ကြိမ်ချိုးဖောက်နေတဲ့အတွက် ဒေသခံတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်တိုက်ခိုက်ရတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်လောက်ဟာ နယ်မြေကျော်ဝင်ရောက်လာပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၁ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင်ပျက်စီးခဲ့တဲ့အပြင် ရွာသားတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သိမ်ဇရပ်တပ်စခန်းအနီး နေထိုင်တဲ့ ဒေသခံရွာသားတစ်ဦးက"တပ်စခန်းမှာ ပစ်ခတ်သံတွေကြားပြီး တပ်က ၃ ယောက်ထိမှန်တယ်လို သိရတယ်။ တပ်က ကောင်တွေက ရွာတွေကို လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာကလူတွေ ထွက်ပြေး​နေရတယ်။ အိမ်တွေ၊ စျေးဆိုင်တွေ ထိမှန် ပျက်စီးကုန်တယ်"လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၅ ရက်က ကျိုက်ထိုမြို့နယ်၊ မိုးဘောရွာဟောင်းနဲ့ မိုးဘောနတ်စင်ကြားမှာ  KNLA တပ်ရင်း ၃ နဲ့ စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံတပ်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ-FBR

2 months Ago

November 10, 2021

ကျိုက်ထိုမြို့နယ်တွင် Mytelတာဝါတိုင်စောင့်စစ်တပ်နှင့် ဒေသခံ PDF တို့ တိုက်ပွဲဖြစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာမှာ  နိုဝင်ဘာ ၉ ရက်နေ့က  Mytel တာဝါတိုင်စောင့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ထုတ်ပြန်ပါတယ်။

တာဝါတိုင်စောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ အကြာ တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ KRF ဆိုပါတယ်။

အဲဒီတိုက်ခိုက်ပြီးနောက် ကျိုက်ထိုတော်လှန်ရေးအင်အားစုဝင်တွေ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ အင်္ဂဘိုကျေးရွာမှာ Mytel တာဝါတိုင်စောင့်တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ မရှိကို မသိရဘူးလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းမှာ ကင်းပုန်းချပြီး လုံခြုံရေး ယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုပြီးနောက် ကျိုက်ထိုတော်လှန်ရေး အင်အားစုက စစ်အာဏာရှင်စနစ် ကျဆုံးတဲ့ထိ စကစလက်ပါးစေတွေ သတင်းပေးဒလန်တွေနဲ့ စကစဒေါက်တိုင်တွေကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုတော်လှန်ရေး အင်အားစုဟာ မကြာခဏဆိုသလို စစ်ကောင်စီ ယာဉ်တန်းတွေကို မိုင်းဆွဲ တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

3 months Ago
More News
Up