ကျိန်စာတိုက်ထားခဲ့သည့် ကြေးပြားကြီး

September 23, 2020

ထိုင်းဆန္ဒပြသူများ ကျိန်စာတိုက်ထားခဲ့သည့် ကြေးပြားကြီး ဖယ်ရှားခံရ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့စနေနေ့က လူပေါင်းထောင်ချီပါဝင်တဲ့  အစိုးရဆန့်ကျင်ဆန္ဒပြပွဲကျင်းပခဲ့ပြီး ဆန္ဒပြပွဲအထိမ်းအမှတ်အဖြစ် ပြည်သူ့ရင်ပြင်မှာ ကြေးပြားမှတ်တိုင်စိုက်ထားခဲ့ကြပါတယ်။ အဆိုပါ ကြေးပြားမှာ အချင်း ၁၁ ဒသမ ၆ လက်မရှိပြီး  ကြေးပြားပေါ်မှာ စိုက်ထူတဲ့ ရက်စွဲနဲ့ အချိန် / နေရောင်ခြည်နောက်ခံထားပြီး လက်ချောင်း ၃ ချောင်းထောင်ထားတဲ့ပုံရဲ့ ဘေးမှာလည်း  “ ပြည်သူ့သဘောထားအရ ဒီနိုင်ငံဟာ တိုင်းသူပြည်သားအပိုင်ဖြစ်တယ် ၊  ဘုရင့်အမွေလို့ လိမ်ညာ ထားတဲ့နိုင်ငံမဟုတ် ”  လို့ အဓိပ္ပာယ်ရတဲ့ စာတန်းနဲ့ ဝိုင်းထားတာဖြစ်ပါတယ်။ လက်ချောင်း ၃ ချောင်းကတော့ ဖိနှိပ်မှုရပ်တံ့ရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ လွှတ်တော်ဖျက်သိမ်းရေး  ဆိုတဲ့ တောင်းဆိုချက်တွေကို ကိုယ်စားပြုပါတယ်။ ထမဆတ်တက္ကသိုလ်ကျောင်းသားများမဟာမိတ်အဖွဲ့က ဦးဆောင်တဲ့ ဆန္ဒပြပွဲကို ဘန်ကောက် နန်းတော်ရာမြဘုရားကျောင်းတိုက်ရှေ့ ပြည်သူ့ရင်ပြင်မှာ စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့ပြီး ပြဿနာကြီးကြီးမားမားမရှိဘဲ သူတို့တောင်းဆိုချက်တွေကိုလည်း ဘန်ကောက်မြို့ တော်ရဲ တပ်ဖွဲ့မှတဆင့် မင်းတိုင်ပင်ခံအမတ်ကြီးတွေထံ ပေးပို့ခဲ့ပါတယ်။ ဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်မရှိဘဲ အေးအေးဆေးဆေးပြီးသွားလို့ ဆန္ဒပြခေါင်းဆောင်တွေက ၂၀၂၀ ဆန္ဒပြပွဲအထိမ်းအမှတ်အနေနဲ့ အဆိုပါကြေးပြားကို စက်တင်ဘာ ၂၀ ရက် မနက် ၆ နာရီ ၃၉ မိနစ်အချိန်မှာ ပရောဟိတ်ဆရာပင့်ပြီး ကိန်းခန်းဗေဒင်အရ စိုက်ထားခဲ့ပါတယ်။ သူတို့ စိုက်ခဲ့တဲ့ အမှတ်တရကြေးပြားကို ဖျက်ဆီးဖယ်ရှားသူ မည်သူမဆို ပျက်စီးခြင်းသို့ ရောက်ပါစေ ဆိုပြီးတော့လည်း ကျိန်စာတိုက်ခဲ့ကြပါတယ်။ အဲဒီနေရာမှာ ဆန္ဒပြခဲ့သူတွေရော ပြည်သူတွေပါ အမှတ်တရဓာတ်ပုံလာရိုက်ကြပြီး နေ့ခင်းမှာ တာဝန်ရှိသူတွေက လုံခြုံရေးအကြောင်းပြကာ ကြေးပြားတဝိုက်လာရောက်ကာဆီးဖို့ ကြိုးစားခဲ့ပေမယ့် ဆန္ဒပြခေါင်းဆောင်တွေရော အနီးနားနေပြည်သူ တချို့ပါခွင့်မပြုလို့ မအောင်မြင်ခဲ့ပါဘူး။ စက်တင်ဘာလ ၂၁ ရက် မနက်စောစောမှာတော့  အဆိုပါကြေးပြားပျောက်ဆုံးနေပြီး အင်္ဂတေတွေနဲ့ပြန်ဖို့ထားတာကို ပြည်သူတွေက တွေ့ခဲ့ပါတယ်။ ကြေးပြားပျောက်ဆုံးတဲ့သတင်းတွေ လူမှုကွန်ရက်မှာပြန့်သွားပြီး သတင်းထောက်တွေက နယ်မြေခံရဲတပ်ဖွဲ့ကို သွားရောက်မေးမြန်းရာမှာတော့ စခန်းမှူးက ကြေးပြားကြီး သူတို့ဆီမှာ ရှိနေကြောင်း ၊  အဲဒီနေရာဟာ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နေရာတစ်နေရာဖြစ်တဲ့အတွက် ထိုင်းအမျိုးသားပြတိုက်နဲ့ လက်မှုအနုပညာဌာနက ဥပဒေနဲ့ငြိစွန်းနေတယ်ဆိုပြီး တာဝန်ရှိသူတွေနဲ့အတူ သွားပြန်နုတ်ခဲ့တာလို့ ပြောပါတယ် ။ ဒါ့အပြင် ဆန္ဒပြခေါင်းဆောင်တွေဟာ ရှေးဟောင်းအမွေအနှစ်ပုရဝုဏ်ထဲ ခွင့်ပြချက်မရှိဘဲ ကြေးပြားစိုက်မှု ၊  ပြည်သူ့ရင်ပြင်စည်းရိုးဖျက်ဆီးမှုတွေနဲ့ပါ အရေးယူခံရမယ်လို့ စခန်းမှူးက ပြော သွားပါတယ်။ ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဥပဒေအရ မည်သူမဆို ရှေးဟောင်းအမွေ လက်ရာတွေကို ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း မွမ်းမံခြင်းပြုလုပ်ပါက ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁ သန်းထက်မပိုတဲ့ ငွေဒဏ် ကျခံရမယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ပဲန်ကွင့် ဖရစ်ချီဝလတ်ကတော့ အဲဒီနေရာဟာ ရှေးဘုရင်တွေလက်ထက်ကတည်းက ရွာသားတွေငါးဖမ်းခရုကောက်ပြီးနားနေ ခဲ့ကြတဲ့နေရာ ၊ ဒီဘက်ခေတ်မှာ အများပြည်သူတွေ လာစုရုံးတဲ့နေရာဖြစ်လို့ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့နေရာမှာ ပြည်သူ့ဆန္ဒဖော်ထုတ်တဲ့ အထိမ်းအမှတ်စိုက်ထူခြင်းသာဖြစ်ကြောင်း ၊ ဆန္ဒပြ သူဆိုတာ တနည်းမဟုတ်တနည်းနဲ့ အကြောင်းပြပြီး အရေးယူခံရမယ်ဆိုတာ သိပြီးသားမို့ သူ့အနေနဲ့ ကြောက်ရွံ့မှုမရှိပါဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ် ။ ဆန္ဒပြသူတွေ တောင်းဆိုထားတဲ့အချက် ၃ ချက်အနက် အခြေခံဥပဒေပြင်ဆင်ရေးခေါင်း စဉ်အောက်မှာ ဘုရင့်နန်းတော်နဲ့သက်ဆိုင်တဲ့ အချက်တွေပါ ပါဝင်လို့  မင်းတိုင်ပင်ခံ အမတ်တွေဆီ ပေးပို့ရတာလို့ ဆိုပါတယ်။ နန်းတော်နဲ့ပတ်သက်တဲ့အချက်ထဲမှာ  ရှေးရိုးစဉ်လာ ဘုရင်စနစ်ကို ရုပ်သိမ်းဖို့မဟုတ်ဘဲ  ပြည်သူနဲ့ပတ်သက်တဲ့ ဥပဒေကို ဒီမိုကရေစီစနစ်နဲ့လိုက်လျောညီထွေအောင် ပြင်ဆင်ပေးဖို့သာ ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တွေက ပြောသွားပါတယ်။ ဆန္ဒပြသူတွေဟာ မနက်ဖန် စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း လွှတ်တော်ရှေ့မှာသွားပြီး ဆန္ဒပြဖို့ ချိန်းဆိုထားကြပါသေးတယ်။
1 year Ago
Up