ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းက ပင်လယ်ကျားဖောင်လုပ်ငန်းတွေကို စနစ်တကျ စစ်ဆေးဖို့အတွက် ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှာ စစ်ဆေးရေးဂိတ်တစ်ခု ပထမဆုံး တည်ဆောက်သွားဖို့ရှိတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ဖျာပုံမြို့နယ်မှာ အရင်က ဓမင်းဆိပ်စစ်ဆေးရေးဂိတ်တစ်ခုတည်းသာ ရှိခဲ့ပြီး ၂၀၂၀ -၂၁ ငါးဖမ်းရာသီမှာ ခါးပြတ်ကျေးရွာမှာ စစ်ဆေးရေးဂိတ် အသစ်တစ်ခုကို ထပ်မံတိုးချဲ့ တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီး ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဋ်က ပြောပါတယ်။
"ခါးပြတ်ရွာမှာ Check Point (စစ်ဆေးရေးဂိတ်) အသစ်ဖွင့်ဖို့က တိုင်းအစိုးရအဖွဲ့ ကလည်း ခွင့်ပြုပြီးပါပြီ၊ စီမံဘဏ္ဍာဝန်ကြီးရဲ့ ဘတ်ဂျက်ခွင့်ပြုချက်ရယ်၊ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရယ်နဲ့ စစ်ဆေးရေးဂိတ်ကို အသစ်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။"
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၂၀၁၉ ခုနှစ်အတွင်း ဆိုးရွားစွာဖြစ်ပေါ်ခဲ့တဲ့ ဖျာပုံခရိုင် အတွင်းက ကျားဖောင်ရေလုပ်ငန်းကိုတော့ ခုရာသီက စတင်ပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ် ဖြေရှင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ခါးပြတ်ကျေးရွာမှာ အသစ်တည်ဆောက်မယ့် စစ်ဆေးရေးဂိတ်မှာ ငါးလုပ်ငန်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေက ရေလုပ်သားတွေ စိစစ်ရေးကို တင်းကြပ်စွာ ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စားသုံးနေတဲ့ မျှင်ငါးပိ၊ ငါးခြောက်နဲ့ ပုစွန်ခြောက်စတဲ့ ရေထွက်ကုန်တွေကို ဖျာပုံခရိုင်အတွင်းက ခါးပြတ်၊ ဒေါ်ညိမ်း၊ နောက်မီး၊ ဗံဒါပင်၊ ဘုန်းကြီးသောင်း၊ ကုလားထိပ် စတဲ့ ကျေးရွာတွေမှာအဓိကထုတ်လုပ်တာဖြစ်ပါတယ်။
ဒီဒေသက ရေလုပ်ငန်းတွေမှာ နိုင်ငံအနှံ့ကနေ ရွှေ့ပြောင်းလုပ်သား ၁၀၀၀၀ ကျော် နှစ်စဉ်လာရောက်အလုပ်လုပ်ကိုင်တာရှိတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)
3 years Ago