ကျပ် ၁၅ ဘီလီယံ

October 23, 2021

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာများကို ငွေကျပ် ၁၅ ဘီလီယံထုတ်ချေးမည်

ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာတွေကို ကိုဗစ်-၁၉ ရန်ပုံငွေက ထုတ်ပေးမယ့် ချေးငွေလျှောက်ထားနိုင်ကြောင်း  စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေကနေ ငွေကျပ် ၁၅ ဘီလီယံ ထုတ်ချေးသွားမှာဖြစ်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ချေးငွေကာလ ၁ နှစ် သတ်မှတ်ကာ ချေးယူခွင့်ပြုမယ်လို့ ဆိုပါတယ်။

ချေးငွေလျှောက်ထားနိုင်တဲ့ လုပ်ငန်းတွေအနေနဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်သံ၊ အသံလွှင့်၊ စတဲ့ ရိုက်ကူး၊ ထုတ်လုပ်၊ ဖြန့်ချိ၊ ပြသတဲ့ လုပ်ငန်းတွေ၊ တေးဂီတဝိုင်းတွေ၊ ထုတ်လုပ်သူတွေ၊ ဖြန့်ချိသူတွေ၊ ဇာတ်သဘင်နဲ့ အငြိမ့်ဖျော်ဖြေမှုလုပ်ငန်းတွေ၊ စာနယ်ဇင်း ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ လုပ်ငန်းတွေ လျှောက်ထားနိုင်ပြီး ချေးငွေကို ပြန်ဆပ်နိုင်မယ့် ခိုင်လုံတဲ့ အခြေအနေရှိတဲ့ လုပ်ငန်းဖြစ်ရမယ်လို့ ဆိုပါတယ်။

ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံစံတွေကိုတော့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကုန်သည်များနဲ့ စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွေ၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ရုံးတွေမှာ ရယူနိုင်မှာဖြစ်ကာ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၉ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာတွေကို ငွေထုတ်ချေးပေးမယ်လို့ တဘက်မှာ မက်လုံးပေးနေပြီး တခြားတဖက်မှာလည်း ရုပ်ရှင်နဲ့ ဂီတနယ်ပယ်က နာမည်ကျော် သရုပ်ဆောင်တွေကို ဖမ်းဆီးအကျဉ်းချထားသလို မီဒီယာ သမားတွေကိုလည်း အပြင်းအထန် ဖိနှိပ် နေပါတယ်။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ကာလဟာ ၉ လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

ဒါ့အပြင်  စစ်အာဏာသိမ်းမှုကာလအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

Photo- MMPO

3 months Ago
Up