ကျပ်သိန်း ၄၅၀

December 8, 2019

မွန်အမျိုးသားနေ့ အခမ်းအနားအတွက် အစိုးရက ကျပ်သိန်း ၄၅၀ သာ ထောက်ပံ့ပေးမည်

မွန်အမျိုးသားနေ့ အခမ်းအနားအတွက် မွန်ပြည်နယ်အစိုးရ ကျပ်သိန်း ၄၅၀ သာ ထောက်ပံ့ပေးနိုင်မယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောပါတယ်။  လာမယ့်နှစ် ကျရောက်မယ့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်သွားဖို့အတွက် ပွဲကျင်းပရေးကော်မတီက စီစဉ်ထားတာပါ။  ဒီပွဲအတွက် ရန်ပုံငွေ သိန်း ၁၅၀၀ ကျော် သုံးစွဲသွားဖို့ လျာထားတာဖြစ်ပြီး ကုန်ကျမယ့်ငွေနဲ့ လိုအပ်တဲ့ အကူအညီတွေကို အစိုးရအနေနဲ့ ပံ့ပိုးပေးဖို့ ပွဲကျင်းပရေး ကော်မတီက တင်ပြတောင်းဆိုထားပါတယ်။  ဒါပေမဲ့ ဒီအခမ်းအနားအတွက် အစိုးရအနေနဲ့ ရန်ပုံငွေ ကျပ်သိန်း ၄၅၀ ကိုသာ ထောက်ပံ့ပေးနိုင်မယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ တိုင်းရင်းသား ကဏ္ဍအတွက် ပြည်နယ်ဘတ်ဂျက်ထဲမှာ လူမျိူးစုတစုရဲ့  နေ့ထူးနေ့မြတ် အခမ်းအနားတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ နှုန်းစီ သုံးစွဲဖို့ လျာထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဟာ တိုင်းရင်းသားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လုံလောက်တဲ့ ပမာဏ မဟုတ်ဘူးလို့ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ တွဲဘက်အတွင်းရေးမှူးက ပြောပါတယ်။ ဒီနှစ်မှာ ကျရောက်မယ့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ သုံးရက်တိုင် ကျင်းပမှာပါ။
2 years Ago
Up