ကျပ်သန်း ၁၈၀၀၀

October 1, 2021

မန္တလေးတွင် ကျပ်သန်း ၁၈၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးမြို့ အမရပူရမြို့နယ် ပြည်ကြီးမင်္ဂလာကုန်ရပ်နားစခန်း အရှေ့ဘက် ၆၂ လမ်းပေါ်မှာ ရပ်ထားတဲ့ ကုန်တင်ကားထဲကနေ ကျပ်သန်း ၁၈၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ စက်တင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ကလော ဘက်ကနေ သာစည်မြို့ကိုလာတဲ့ ကုန်တင်ကားကို ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်မှာ X - Ray နဲ့ စစ်ဆေးရာ မူးယစ်ဆေးဝါးများ သယ်ဆောင်လာတာကို စစ်ဆေးတွေ့ပြီး ရဲတပ်ဖွဲ့က နောက်ယောင်ခံလိုက်ခဲ့တာလို့ သိရပါတယ်။

ကားဟာ ပြည်ကြီးမင်္ဂလာကုန်ရပ်နားစခန်း အရှေ့ဘက် ၆၂ လမ်းပေါ်မှာ ရပ်ထားတာ ကြာပြီဖြစ်တဲ့အတွက် မူယစ်ရဲတပ်ဖွဲ့က စစ်ဆေးရာ မက်အက်ဖီတမင်း (ICE) တစ်ကီလိုဂရမ်ပါ အထုတ် ၂၀ စီ ထည့်ထားတဲ့ ပီနံအိတ် ၄၀၊ အဖြူရောင် (Ketamine) တစ်ကီလိုဂရမ်ပါ  ၂၅ ထုတ် စီ ထည့်ထားတဲ့ ပီနံအိတ် ၈ အိတ်တို့ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ်သန်း ၁၈၀၀၀ ကျော်တန်ဖိုးရှိတယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်ဖြစ်သူကိုသာ ဖမ်းဆီးရမိထားပြီး မြစ်ငယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

4 weeks Ago
Up