ကျပ်သန်း ၁၀၀၀

A d v e r t i s e m e n t With Us

January 8, 2021

တပ်မတော်က ကိုဗစ်-၁၉ ကာကွယ်ဆေး ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်း

တပ်မတော်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်းလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ဖို့ ငွေကျပ် သန်း ၁၀၀၀ ကို ပထမအကြိမ်အဖြစ် ထည့်ဝင်လှူဒါန်းတာဖြစ်ပြီး လိုအပ်ချက်ရှိလာပါက ဆက်လက်ပြီးတော့ ထည့်ဝင်လှူဒါန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာတွေမှာ လိုအပ်တာတွေ အသုံးပြုနိုင်ဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိကြီးတွေရဲ့ တလစာ လစာငွေတွေ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်တွေ၊ အရပ်သား အစမ်းခန့်ဝန်ထမ်းတွေရဲ့ လစာငွေမှ တရက်လုပ်ခ လစာငွေတွေကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှာ ပထမအကြိမ်၊ နောက်ထပ်ဒုတိယအကြိမ်အနေနဲ့ မေလမှာ တပ်မတော်အရာရှိကြီးတွေရဲ့ တလစာ လစာငွေရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်တွေ၊ အရပ်သား အစမ်းခန့် ဝန်ထမ်းတွေရဲ့ လစာငွေမှ တရက်လုပ်ခ လစာငွေတွေကို လှူဒါန်းခဲ့ပြီး စုစုပေါင်း ငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော် စုပေါင်းပါဝင်လှူဒါန်းခဲ့ပြီးပြီလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ် ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာလို့ စီမံကိန်း၊ ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်းပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။ ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေအနေနဲ့ အထက်ပါ ဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားပါတယ်။
2 months Ago
Up