ကျပန်း ဆေးစစ်ပေးနေ

September 21, 2020

မောင်တောတွင် ကိုဗစ်-၁၉ လူနာ ၄၄ ဦးရှိလာသဖြင့် မြို့ခံလူထုကို ကျပန်း ဆေးစစ်ပေးနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄၄ ဦးအထိရှိလာတဲ့အတွက် ပြည်သူတွေအကြား ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု ရှိ မရှိ ကျပန်းစစ်ဆေးတာတွေကို စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းမှစတင်ပြီး ကျန်းမာရေးဌာနက  ပြုလုပ်နေ​ပါတယ်။ မောင်တောမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်နှင့် ကုသရေးကော်မတီ ဥက္ကဋ္ဌ မောင်တောမြို့နယ်အုပ်ချုပ်​မှူး ဦးအောင်ရဲက "မောင်တောကို ကျပန်းသွေးဖောက်စစ်ဆေး ကိရိယာ အခု ၆၀၀ ပြည်နယ်ကျန်းမာရေးက ပေးထားတာရှိတယ်။ ရည်ရွယ်ချက်ကတော ပြည်သူလူထုနဲ့ ထိတွေ့မှုများတဲ့ ဌာနဆိုင်ရာတွေရယ်။ နောက် ကျေးရွာရပ်ကွက်တွေမှာ ပိုးတွေ့တဲ့ အိမ်ရဲ့ ပတ်ဝန်းကျင်နေအိမ်တွေရယ်။ သားငါးစျေးတွေရယ် အားလုံးစစ်ဆေးသွားမှာဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ ကျပန်းသွေးဖောက်စစ်ဆေးမှုတာတွေကို ခရိုင်နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာစီးပွားရေးဘဏ်၊ KBZ ဘဏ် ဝန်ထမ်းတွေကိုသာ စစ်ဆေးခဲ့ပြီး  နောက်နေ့တွေမှာ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်၊ ကျေးရွာ၊ သားငါးစျေးတွေကို စစ်ဆေးသွားဖို့ ရှိပါတယ်။ စက်တင်ဘာလ ၂၀ ရက်  ည ၈ နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉ ရေဂါပိုးတွေ့ရှိသူ ၄ ဦးထပ်တိုးလာပြီး ပိုးတွေ့ လူနာ ၄၄ ဦးအထိ ရှိလာပါတယ်။ မနေ့က ပိုးတွေ့ လူနာ ၄ ဦးမှာ အရင် ပိုးတွေ့လူနာ ပညာရေးဝန်ထမ်း ၁ ဦးရဲ့ မိသားစုဝင် ၃ ဦးဖြစ်ပြီး ကျန် ၁ ဦးမှာ မောင်တောခရိုင်ရဲတပ်ဖွဲမှ မိသားစု ဝင် ၁ ဦးဖြစ်ပါတယ်။ လက်ရှိ မောင်တောမြို့နယ်က ကိုဗစ်-၁၉ လူနာ ၄၄ ဦးရှိအထဲမှာ ၁၉ ဦးဆေးရုံမှ ဆင်းသွားပြီး ၂၅ ဦး ဆေးရုံမှာ ကျန်ရှိပါတယ်။ ဒီအထဲမှာ INGO ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းနဲ့ ရဲတပ်ဖွဲဝင်မိသားစုဝင် ၁ ဦးတို့ ပါဝင်ပါတယ်။ သတင်း - လင်းလက်
8 months Ago
Up