ကျန်းမာရေးအရာရှိ

March 1, 2020

သြစတြေးလျတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး ၁ ဦး သေဆုံး

နိုင်ငံအနောက်ပိုင်းပါ့သ်မြို့က ဆေးရုံတရုံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတဦး မတ် ၁ ရက် မနက်စောပိုင်းမှာ ပထမဆုံး သေဆုံးသွားတယ်လို့ သြစတြေးလျအစိုးရ ကျန်းမာရေးအရာရှိ အင်ဒရူးရောဘတ်ဆန်က ပြောဆိုပါတယ်။   ဂျပန်နိုင်ငံရှိ Diamond Princess အပျော်စီးသင်္ဘောပေါ်က သြစတြေးလျ လူမျိုး ၁၅၀ ကျော် ဆင်းသွားပြီးနောက်မှာ အသက် ၇၈ နှစ်အရွယ် သြစတြေးလျ အမျိုးသားကြီးကို သီးခြားခွဲထားပြီး စောင့်ကြည့်ကုသပေးနေခဲ့တာပါ။  သူ့ရဲ့ဇနီးဖြစ်သူမှာလည်း ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး အခြေအနေကတော့ တည်ငြိမ်နေပါ တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  သြစတြေးလျမှာ ဗိုင်းရပ်စ်ကူးစ်ခံထားရမှုမှာ ၂၅ ယောက် ရှိတယ်လို့ အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။  အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံမှာလည်း ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် အီရန်နိုင်ငံက နေ ထွက်ခွာလာတဲ့ နိုင်ငံခြားသားအားလုံးကို ပြည်ဝင်ခွင့်မပေးဘူးလို့ သြစတြေးလျအစိုးရက ဖေဖော်ဝါရီ ၂၉ ရက်က ပြောထားပါတယ်။  ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၈၆၉၉၂ ဦး၊ သေဆုံးသူ ၂၉၇၉ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၂၃၃၄ ဦး ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up