ကျန်းမာရေးအခြေအနေ

May 31, 2020

ဦးဖြိုးမင်းသိန်း ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲဝင်ရန် အတော်ကြိုးစားရဦးမည်ဟု ဦးဝင်းထိန်ပြော

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လာမယ့်ရွေးကောက်ပွဲဝင်ဖို့တောင် အတော်ကြိုးစားရဦးမယ်လို့ အန်အယ်လ်ဒီ နာယက ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နှလုံးခွဲစိတ်ထားရတာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်၊ မဝင်ကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။  ရန်ကုန်တိုင်းဟာ လူဦးရေ အများအပြား နေထိုင်တဲ့မြို့၊ စီးပွားရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေထက် ပြဿနာတွေ အများအပြား ရှိနေတဲ့အတွက် တခြားဝန်ကြီးချုပ်တွေထက် ပိုပြီး အဝေဖန်ခံနေရတယ်လို့လည်း ဆိုပါတယ်။  ဒါ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တဖောင်တော် ရေချပူဇော်မင်္ဂလာနဲ့ ဗိုလ်တစ်ထောင်ဘုရား ဘက်စုံမွမ်းမံပြုပြင်တာ၊ အစ်မတော် မြနန်းနွယ်ကျောင်းတော် ကျောင်းဆောင်ပြုပြင်မွမ်းမံတာတွေ ပြုလုပ်ရာမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတရုံးကလည်း ထုချေလွှာ တောင်းထားပါတယ်။  အဲဒီကိစ္စမှာလည်း ဝန်ကြီးချုပ်တဦးအနေနဲ့ စေတနာမှန်နဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို လုပ်တာဖြစ်ပေမယ့် လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့အတွက် ကံမကောင်းရှာဘူးလို့ ဦးဝင်းထိန်က မှတ်ချက်ပေးပါတယ်။
1 year Ago

April 4, 2020

COVID-19 လူနာ ၁၇ ဦး ကျန်းမာရေးအခြေအနေ တည်ငြိမ်၊ စောင့်ကြည့်လူနာသစ် ၄၆ ဦးရှိ

COVID-19 အတည်ပြုလူနာ ၁၇ ဦးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီး ဧပြီ ၂ ရက်ကနေ မတ် ၃ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၄၆ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စောင့်ကြည့်လူနာနဲ့ ဆေးရုံ (သို့မဟုတ်) အိမ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ ၅၅ ဦးကို ဓာတ်ခွဲနစစ်ဆေးချက်အရ COVID-19 ရောဂါပိုး မရှိဘူးလို့ ဆိုပါတယ်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၉ ဦးအနက်  တီးတိန်ပြည်သူ့ ဆေးရုံက လူနာ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာ ၉ ဦး နဲ့ ကန်တော်နဒီဆေးရုံ လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ လူနာ ၁ ဦး၊ လားရှိုးမြို့မှာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ ၁ ဦး၊ ပဲခူး ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ဆေးရုံနဲ့ ပေါက်ခေါင်းမြို့ဆေးရုံတို့မှာ ပြောင်းရွှေ့လူနာ ၄ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၂ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧပြီ ၃ ရက်ညနေအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အယောက် ၂၀ ဦး တွေ့ရှိလာပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်တွေကို တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
1 year Ago
Up