ကျန်းမာရေးဝန်ထမ်း ၈၃ ဦး

December 31, 2020

ဧရာဝတီတိုင်းတွင် ကျန်းမာရေးဝန်ထမ်း ၈၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဧရာဝတီတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၈၃ ယောက် ရှိတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း နှစ်ခုလုံးမှာ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးရုံးက ဝန်ထမ်းတွေ အပါအဝင်  ဝန်ထမ်း ၈၃ ယောက် ရောဂါကူးစက်ခံခဲ့ရတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။ "ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုင်းအစိုးအဖွဲ့အနေနဲ့ ၁ ဦးကို  တစ်သိန်းထောက်ပံ့ပေးသလို တိုင်းကျန်းမာအနေနဲ့လည်း ထောက်ပံ့ပေးတာတွေ ရှိပါတယ်"လို့ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တိုင်းကျန်းမာရေးဌာနအနေနဲ့ အစပိုင်းမှာ ၁ ဦးကို ကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အလှူငွေမရရှိတော့ မထောက်ပံ့ ပေးနိုင်တော့ဘူးလို​့ ဆိုပါတယ်။ ဧရာဝတီတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံထားရမှု အများဆုံးဖြစ်တဲ့ ဆေးရုံတွေကတော့ ဟင်္သာတဆေးရုံမှာ ၁၃ ယောက်၊ ပုသိမ်ဆေးရုံမှာ ၁၁ ယောက်နဲ့ မအူပင်ဆေးရုံမှာ ၁၀ ယောက် ဖြစ်တယ်လို​့ သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ဆေးရုံမှာရောဂါကူး စက်ခံရတာ အများဆုံးဖြစ်ပေမယ့် ကိုဗစ်ရော ဂါပိုးရှိ မရှိ စစ်ဆေးပေးတဲ့ နေရာတွေမှာ တာဝန် ထမ်းဆောင်ရင်း ရောဂါကူးစက်ခံရတာတွေလည်း ရှိနေပါတယ်။ ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ ကျန်းမာရေးဝန်ထမ်း ၈၃ ယောက် ရောဂါကူးစက်ခံရ သလို လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ၆၃ ယောက် လည်း ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
10 months Ago
Up