ကျန်းမာရေးဝန်ထမ်းများ

February 8, 2021

CDM လှုပ်ရှားသည့် ဗဟိုအမျိုးသမီးဆေးရုံ ကျန်းမာရေးဝန်ထမ်းများ အပြင်ဆေးခန်းများတွင် အခမဲ့ကုသပေး

ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အစိုးရ လက်အောက်မှာ အလုပ်မလုပ်ချင်လို့ (Civil Disobedience Movement - လူထုဆန့်ကျင်ရေး လှုပ်ရှားမှု - CDM) မှာ ပူးပေါင်းပါဝင်လိုက်ကြလို့ ရက်ချိန်း ပြန်ပြဖို့လိုတဲ့ လူနာတွေကို အပြင်ဆေးခန်းတွေက အခမဲ့ စမ်းသပ်ပေးနေပါတယ်။

ဒီနေ့ကစလို့ တနင်္လာနေ့ကနေ သောကြာနေ့တွေမှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ စမ်းသပ်ကြည့်ရှုပေးမှာမှာဖြစ်ပြီး ဆေးရုံမှတ်တမ်း၊ ကိုယ်ဝန်မှတ်တမ်းကဒ်တွေ ယူဆောင်လာကြဖို့ လိုအပ်ပါတယ်။

လတ်တလောမှာတော့ ရန်ကုန်က အထူးကုဆေးခန်းနဲ့ ဆေးရုံ ၄ ခုမှာ သားဖွားမီးယပ် ဆရာဝန်တွေက စမ်းသပ်ကုသအကြံပေးသွားမှာ ဖြစ်ပါတယ်။

စစ်အစိုးရကို ဆန့်ကျင်တဲ့ CDM မှာ ပူးပေါင်းပါဝင်လာကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံတွေ တရက်ထက်တရက် ပိုများလာပြီး လူနာတွေက အခမဲ့ကြည့်ရှုကုသပေးမဲ့ ဆေးရုံ၊ ဆေးခန်းတွေလည်း ပိုများလာပါတယ်။

ဒီနေ့မှာပဲ ဗဟိုအမျိုးသမီးဆေးရုံကြီးက လူနာတွေ လာပြနေပြီလို့ ဆေးခန်းတခုက ပြောပါတယ်။

သားဖွားမီးယပ်နဲ့ပတ်သက်ပြီး အခမဲ့ကြည့်ရှုပေးမယ့် ဆေးရုံ၊ ဆေးခန်းတွေကတော့—

၁။ ကောင်းမြတ် အထူးကုဆေးခန်းနှင့် ရောဂါ ရှာဖွေရေး၊ အမှတ် ၁၃၀၊ ရွှေတောင်တန်းလမ်း၊ လမ်းမတော်မြို့နယ်။ ဖုန်း-၀၉-၇၇၀၁၀၁၀၅၀၊ ၀၉၇၇၀၁၀၁၀၆၀ (ဝန်ဆောင်ခအခမဲ့၊ စမ်းသပ်ခ အခမဲ့)

၂။ မြတ်မွန်အထူးကုဆေးခန်းနှင့် ဆေးဆိုင်၊ အမှတ်၆၉၊ လှည်းတန်းလမ်း၊ လမ်းမတော် မြို့နယ်။ ဖုန်း- ၀၉-၄၄၁၁၁၃၀၀၄၊ ၀၉-၄၄၁၁၁၃၀၀၅၊ (ဝန်ဆောင်ခအခမဲ့၊ စမ်းသပ်ခ အခမဲ့)

၃။ ရွှေလမင်းဆေးရုံ(လမ်းမတော်)၊ အမှတ် ၁၅/၁၉၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်။ ဖုန်း - ၀၁-၁၂၃၀၁၉၅၀၊ ၀၁-၁၂၃၁၄၈၂၅/၂၆၊ ၀၉-၈၉၉၄၀၀၀၁၁ (free consultation)(service discount)

၄။ မဉ္ဇူ အထူးကုဆေးခန်း။ အမှတ်၈၀ (A)၊ ကျောင်းကြီးလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။ ဖုန်း-၀၉-၈၈၀၀၁၅၈၁၈၊ ၀၉-၈၈၀၀၁၅၈၁၇ ဖြစ်ပါတယ်။

2 months Ago

February 3, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု နိုင်ငံတဝန်းဆေးရုံ ၁၀၀ ခန့်က ကျန်းမာရေးဝန်ထမ်းများ ပါဝင်လာ

အာဏာဖီဆန်ရေးလှုပ်ရှားမှု  (Civil Disobedience) မှာ နိုင်ငံတဝန်း ဆေးရုံပေါင်း ၁၀၀ လောက်က ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်လာပြီလို့ ကူညီပေးနေတဲ့ ဆရာဝန်တယောက်က ပြောပါတယ်။

စစ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အစိုးရလက်အောက်မှာ အလုပ်မသွားဘဲ ဆန့်ကျင်ဆန္ဒပြနေကြတာပါ။

“စာရင်းကတော့ အချိန်နဲ့အမျှ တက်လာနေပါတယ်။ နောက်ဆုံးသိရသလောက် ဆေးရုံ ၁၀၀ လောက် ဖြစ်လာပါပြီ” လို့ ဒီလှုပ်ရှားမှုကို ချိတ်ဆက်ကူညီပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။

အနယ်နယ်အရပ်ရပ်က ဆေးရုံတော်တော်များများ ပါဝင်လာနေကြပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေး ခုတင် ၃၀၀ ကလေးဆေးရုံ၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောကု ဆေးရုံသစ်ကြီး၊ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ခုတင် ၁၅၀၀ အထွေထွေရောဂါကုဆေးရုံကြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန စတာတွေပါဝင်ပါတယ်။

ဒီလှုပ်ရှားမှုကို ချိတ်ဆက်ကူညီပေးနေတဲ့ ဆရာဝန်က “ဆေးရုံတွေမှာ အရေးပေါ်အတွက် ဆရာဝန်တွေရှိပါတယ်။ ကျနော်တို့လည်း ထုတ်ပြန်ပေးထားပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့ ပြောချင်ပါတယ်။ ပြီးတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြဖို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

ဆေးလောကဝန်ထမ်းတွေကတဆင့် တခြားအစိုးရဝန်ထမ်းတွေလည်း လှုပ်ရှားမှုမှာပါဝင်ပြီး အထွေထွေသပိတ်ဖြစ်ပေါ်လာစေဖို့ ဦးတည်တယ်လို့ လှုပ်ရှားမှုသတင်းတွေ ဖော်ပြပေးနေတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဖော်ပြပေးထားပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးမှာ ပြည်သူ့ဆေးရုံတွေကိုပဲ မှီခိုအားထားရတဲ့ အခြေခံလူတန်းစား ရဟန်းရှင်လူပြည်သူတွေရဲ့ ဘဝကို နားလည်သလို စစ်အာဏာရှင်စနစ်အောက်ကို တိုင်းပြည်ရောက်သွားရင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အခုထက်ပိုပြီး ဆိုးရွားဖို့ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရေရှည်အကျိုးကို မျှော်ကိုးပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်ရတာဖြစ်တာကို သိစေလိုပြီး ရေတို အဆင်မပြေတာတွေကို ပြည်သူတွေအနေနဲ့ သည်းခံပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အရေးပေါ်ကျန်းမာရေးအခြေအနေတွေကို ပြည်သူ့ဆေးရုံတွေမှာ ဆက်လက်ကုသပေးမှာ ဖြစ်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုကာလအတွင်း ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စတွေအတွက် ဆက်သွယ်အကူအညီတောင်းနိုင်ဖို့ ကွန်ရက်တွေကိုလည်း ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

2 months Ago

မန္တလေးမြို့ အရိုးဆေးရုံ ကျန်းမာရေးဝန်ထမ်းများ Red Campaign ပြုလုပ်

တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့ အရိုးဆေးရုံမှာ ကျန်းမာရေး ဝန်ထမ်းတွေက Red Campaign ကို ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

Photo - Kaung Zaw Hein / MPA

2 months Ago
More News
Up