ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ

October 25, 2020

ကျန်းမာရေးလမ်းညွှန်ချက် လိုက်နာမှုအားနည်းသည့် စက်ရုံ၊ အလုပ်ရုံများကို တိုင်ကြား

ရန်ကုန်တိုင်းအတွင်းက ပြန်ဖွင့်နေတဲ့ စက်ရုံ၊ အလုပ်ရုံ ၂၀ လောက် ကျန်းမာရေး လမ်းညွှန်ချက် လိုက်နာမှုမရှိတဲ့အတွက် တိုင်ကြားမှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ Labour Power Group ဥက္ကဋ္ဌ ဦးကျော်မျိုးဌေးက ပြောပါတယ်။ “တိုင်ကြားလာတဲ့ စက်ရုံပေါင်းက ၂၀ လောက်ရှိပြီး ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာမှု အားနည်းနေပါတယ်။ ဖယ်ရီကားပေါ် တိုးကြိတ်စီးရတာ၊ စက်ရုံအဝင်အထွက် မစည်းကြပ်နိုင်တာ၊ ကိုယ်အပူချိန်တိုင်းပြီး စစ်ပေးရတဲ့နေရာတွေမှာ လစ်ဟာမှုတွေရှိနေပြီး ပြီးစလွယ်ပုံစံမျိုးတွေ ဖြစ်နေပါတယ်။ ကိုယ်အပူချိန်စစ်ပေးတဲ့ လုံခြုံရေးအင်အားနဲ့ အလုပ်သမားအင်အား မမျှတဲ့အခါ နဖူးနဲ့ အပူချိန်တိုင်းစက်နဲ့ ထိရုံသာ ထိပေးတဲ့သဘောဖြစ်ပြီး ပြန်မစစ်နိုင်တော့တဲ့အထိ ဖြစ်နေပါတယ်။”  အခုလို လိုက်နာမှုအားနည်းတဲ့အပေါ် သက်ဆိုင်ရာဌာနတွေကို တိုင်ကြားထားပေမဲ့ အကြောင်းပြန်တာ မရှိသေးဘူလို့ သိရပါတယ်။  အထည်ချုပ်စက်ရုံ အလုပ်သမားတဦးက “ကိုဗစ်စည်းကမ်းလိုက်နာမှု အားနည်းတဲ့အပေါ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စက်မှုဇုန်စီမံခန့်ခွဲရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံး စတဲ့ တိုင်လို့ရတဲ့နေရာတွေကို တိုင်ထားပြီး အကြောင်းပြန်မှုတော့ မရသေးဘူး။ အလုပ်မဆင်းရင်လည်း မဖြစ်၊ အလုပ်ဆင်းရင်လည်း ဘယ်နေ့ ကူးစက်ခံရမလဲ စိုးရိမ်နေပေမဲ့ တုံ့ပြန်မှုတွေ မရတဲ့အတွက်ကြောင့် လုံခြုံမှုရှိဖို့ကိုတော့ မမျှော်လင့်တော့ပါဘူး" လို့ ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း လှည်းကူးမြို့နယ်မှာရှိတဲ့ စက်ရုံတခုရှေ့မှာ အလုပ်သမား ၁,၀၀၀ ကျော်လောက်က ကျန်းမာရေးအကာအကွယ်ရရှိဖို့နဲ့ အလုပ်သမား အခွင့်အရေး ရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။ လုပ်ငန်းခွင်ယန္တရားကြီး ရပ်တန့်သွားစေချင်တဲ့စိတ်နဲ့ တိုင်ကြားနေကြတာမျိုး မဟုတ်ဘဲ အလုပ်သမားတွေကို အချိန်မီ ကာကွယ်ချင်တဲ့အတွက် ဆောင်ရွက်နေကြတာလို့ Labour Power Group  ဥက္ကဋ္ဌ ဦးကျော်မျိုးဌေးက ဆိုပါတယ်။ သတင်း - Ei Thazin Khine
1 year Ago

July 5, 2020

ချောက်မြို့တွင် ပြန်ဖွင့်ခွင့်ပြုထားသည့် စားသောက်ဆိုင်များကို ရှောင်တခင်စစ်ဆေး

မကွေးတိုင်း၊ ချောက်မြို့မှာ ကိုဗစ်-၁၉ ကာလ ပြန်လည်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဇူလိုင် ၄ ရက်နေ့က ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စည်းကမ်းလိုက်နာမှု အားနည်းနေသေးတယ်လို့ မြို့နယ်စည်ပင်သာယာအဖွဲ့အမှုဆောင်အရာရှိ ဦးနေမန်းက ပြောပါတယ်။ “အဓိက ဆိုင်ပိုင်ရှင်တွေက Mask မတပ်ဘူး၊ Face shield မတပ်ဘူး၊ Apron မဝတ်ထားဘူး၊ ဆိုင်ထိုင်တဲ့ လူတော်တော်များများကလည်း နှာခေါင်းစည်း တပ်မထားဘူး၊ အဲဒါတွေ ဖြစ်နေတာ။ စည်းရုံးဆောင်ရွက်ရဖို့ အနေအထားဖြစ်နေတယ်။”  ချောက်မြို့နယ် ကျန်းမာရေးအဖွဲ့မှ ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်ကြီးကြပ်ရေးဦးစီးဌာနတို့ ပူပေါင်းထားတဲ့ စစ်ဆေးရေးအဖွဲ့က ချောက်မြို့ရှိ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၈၀ ကျော်ထဲက ဆိုင် ၃၀ ကို ပထမအကြိမ် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး နောက်ပိုင်းမှာ တပတ် တကြိမ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို နှစ်ကြိမ် သတိပေးအဆင့် ဆောင်ရွက်မှာဖြစ်ပြီး တတိယအကြိမ်မှာတော့ ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလအတွင်း ပါဆယ်စနစ်သာ ခွင့်ပြုခဲ့တဲ့ ဆိုင်တွေကို ကျန်းမာရေးလမ်းညွှန်မှုအရ အပူချိန်တိုင်းတာ၊ Mask တပ်တာ၊ လက်ဆေးရည်ထားဖို့ အပါအဝင် ရောင်းချသူ လိုက်နာဖို့ အချက် ၁၁ ချက်၊ ဆိုင်မှာ ပြင်ဆင်ထားဖို့ အချက် ၁၁ ချက်နဲ့ စားသုံးသူလိုက်နာဖို့ အချက် ၅ တို့နဲ့  ဇွန်လဆန်းပိုင်းက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။ ကိုလင်း(ချောက်)
2 years Ago
Up