ကျန်းမာရေးပြဿနာများ

June 29, 2020

ကိုဗစ်-၁၉ ကြောင့်ဖြစ်သည့် ကျန်းမာရေးပြဿနာများ စတွေ့ရုံပဲရှိသေးဟု ပညာရှင်များ ပြော

သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကျယ်ပြောများပြားလှတဲ့ ကျန်းမာရေးပြဿနာတွေကို စပြီးတွေ့ရုံပဲ ရှိသေးတယ်လို့ ဆရာဝန်တွေ၊ ကူးစက်ရောဂါပညာရှင်တွေက ပြောပါတယ်။ တချို့ ကျန်းမာရေးပြဿနာတွေဟာ နှစ်ချီကြာမှ လူနာအပေါ် သက်ရောက်မှု သိသာလာမှာ ဖြစ်ပြီး တချို့ ကျန်းမာရေးစနစ် ပျက်စီးမှုကို နှစ်ချီကြာမှ သိမယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကိုယ်တွင်းအင်္ဂါစနစ်ကို တိုက်ခိုက်ပြီး တချို့ကူးစက်မှုမှာ ကပ်ဆိုက်လောက်အောင် ပျက်စီးစေနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လာဂျိုလာမြို့က စခရစ်ပ် သုတေသနဌာန ညွှန်မှူးနဲ့ နှလုံးအထူးကု ဒေါက်တာအဲရစ်ခ်တိုပိုက “ဒါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်လို့ပဲ သိထားခဲ့တယ်။ ခုတော့ ပန်ကရိယ၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေတယ်။ ဒါကို အစပိုင်းက သတိမပြုမိဘူး”လို့  ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ သွေးခဲမှု ပုံမမှန်တာ ဖြစ်စေနိုင်လို့ လေဖြတ်စေနိုင်တယ်။ အလွန်အမင်း ရောင်ရမ်းနာကြောင့် ကိုယ်တွင်းကလီစာစနစ်တွေ အတော်များများကို တိုက်ခိုက်တယ်။ အာရုံကြော ရှုပ်ထွေးမှုကို ဖြစ်စေနိုင်လို့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့ အနံ့အရသာ ပျောက်တာတွေ စိတ်ရှုပ်ထွေးမှုတွေကို ခံစားရစေနိုင်တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။ ကူးစက်ခံရပြီး နေပြန်ကောင်းလာသူဟာလည်း ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် အများကြီး ကုန်ကျမှာဖြစ်ပြီး တယောက်ချင်းစီမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ ဝန်ပိလာနိုင်တယ်လို့ ချီကာဂိုမြို့ အနောက်မြောက်ဆေးတက္ကသိုလ်က နှလုံးအထူးကု ဒေါက်တာဆာဒီယာခန်းက ပြောပါတယ်။
12 months Ago
Up