ကျန်းမာရေးတိုးတက်လာ

March 29, 2020

ကိုမာဖြစ်နေသည့် အေဂျက်ဇ်စတား ကျန်းမာရေးတိုးတက်လာဟု မိသားစုပြော

ကိုမာဖြစ်အပြီး သုံးနှစ်အကြာမှာ အေဂျက်ဇ်လူငယ်စတား အဘ်ဒဲလ်ဟတ် နိုရီဟာ ဘောလုံးပွဲတွေ ကြည့်နိုင်လောက်တဲ့အထိ တိုးတက်လာခဲ့ပြီလို့ သူ့မိသားစုက အတည်ပြုပေးခဲ့ပါတယ်။  နိုရီဟာ ၂၀၁၇ ခုနှစ်မှာယှဉ်ပြိုင်ခဲ့တဲ့ အေဂျက်ဇ်အသင်းနဲ့ ဝါဒါဘရီမင်တို့ရဲ့ ရာသီကြိုပွဲစဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သူဖြစ်ပြီး အောက်စီဂျင်ပြတ်လပ်မှုကြောင့် ဆိုးရွားပြင်းထန်တဲ့ ဦးနှောက်တွင်းထိခိုက်မှုကို ခံစားခဲ့ရသူ ဖြစ်ပါတယ်။  အဲဒီနောက်မှာ ဒီအကြောင်းကို မိသားစုအရေးအဖြစ် ထိမ်ချန်ထားပေးဖို့ မိသားစုဘက်က တောင်းဆိုခဲ့ပြီး ဒီလူငယ် ကစားသမားလေးကိုလည်း ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အားကစားနယ်ပယ်က လူတွေနဲ့ ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ၂၀၁၈ ခုနှစ်နွေရာသီမှာ ကိုမာကနေ ပြန်လည်နိုးထလာနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အိပ်တာ၊ စားတာ၊ မျက်မှောင်ကြုတ်တာတို့ကို လုပ်ဆောင်နိုင်နေပြီ ဖြစ်ပေမယ့် အိပ်ရာထဲက မထနိုင်သေးဘဲ ကိုယ်ရေးကိစ္စတွေမှာ မိသားစုကို မှီခိုနေရဆဲ ဖြစ်ပါတယ်။  နိုရီရဲ့ အစ်ကိုဖြစ်သူက ဒီသီတင်းပတ်ထဲမှာ နယ်သာလန်မီဒီယာတခုနဲ့တွေ့ဆုံခဲ့ပြီး ညီဖြစ်သူဟာ သူ့အတွက် သီးသန့်ပြင်ဆင်ထားတဲ့ နေအိမ်တခုမှာ နေထိုင်ရင်း တဖြည်းဖြည်း တိုးတက်မှုတွေ ရှိလာပြီလို့ ပြောပါတယ်။  ကွင်းလယ်ကစားသမားလေးဟာ အခုချိန်မှာ ဘောလုံးပွဲတွေကိုတောင် ပြန်ကြည့်နိုင်နေပြီလို့လည်း အစ်ကိုဖြစ်သူ အီဗရာဟမ်က ပြောပါတယ်။ “သူ အိမ်ကိုပြန်ရောက်တာ မကြာသေးပါဘူး။ ပြန်ရောက်လာကတည်းက တိုးတက်မှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဘယ်ကို ရောက်နေလဲဆိုတာ သူ့ဘာသာသူ သတိထားမိနေပြီးတော့ မိသားစုပတ်ဝန်းကျင်မှာ နေထိုင်နေရတယ် ဆိုတာကိုလည်း သိရှိနေပါပြီ။ ကျနော်တို့ကလည်း သူ့ကို လူမမာတဦးလို မဆက်ဆံတော့ပါဘူး။ ကျနော်တို့ ပြောတဲ့ စကားဝိုင်းတိုင်းမှာ ပါဝင်စေခဲ့ပြီး ကျနော်တို့ ဘောလုံးပွဲကြည့်ရင် သူလည်း လိုက်ကြည့်တတ်ပါတယ်။ သူ မကြာခင် သက်သာလာတော့မှာပါ။”
1 year Ago
Up