ကျန်းမာရေးဌာန

October 17, 2020

ကိုဗစ်-၁၉ ပြင်းထန်လူနာများအတွက် သွေးရည်ကြည်လှူဒါန်းရန် ကျန်းမာရေးဌာန ဖိတ်ခေါ်

ကိုဗစ် ကူးစက်ခံထားရပြီး ရောဂါပြင်းထန်တဲ့ လူနာတွေအတွက် ကိုဗစ် ပြန်ကောင်းလာသူတွေ သွေးရည်ကြည်လှူဒါန်းကြဖို့ ကျန်းမာရေးဌာနက ဖိတ်ခေါ်နေပါတယ်။ ပကတိပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည်ဟာ ကိုဗစ်ကို ကာကွယ်ခုခံနိုင်တဲ့ ပဋိပစ္စည်း ပါဝင်နေတာကြောင့် သူတို့ရဲ့ သွေးရည်ကြည်ကို လှူဒါန်းဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖိတ်ခေါ်လိုက်တာပါ။ ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် အနည်းဆုံး ၂၈ ရက်ကြာ နေကောင်းနေသူဖြစ်ဖို့ လိုပြီး အသက် ၁၈ နှစ်ကနေ ၆၀ ကြားရှိသူတွေ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ သွေးရည်ကြည်လှူဒါန်းမယ့်သူဟာ ယောက်ျားလေးဆိုရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၁၂၀၊ မိန်းကလေးဆိုရင် ပေါင် ၁၁၀ ရှိရမှာပါ။ သွေးရည်ကြည်အလှူရှင်တယောက်ဆီက သွေးရည်ကြည် ၄၀၀ စီစီကနေ ၆၀၀ စီစီအထိ ထုတ်ယူနိုင်ပြီး လူနာတယောက်ကို ၂၀၀ စီစီလောက် သုံးရတာကြောင့် လူနာ ၂ ယောက်ကနေ ၃ ယောက်အထိ သုံးစွဲ အသက်ကယ်နိုင်မယ်လို့ ဆိုပါတယ်။ ပြီးတော့ သွေးနီဥတွေကို ခန္ဓာကိုယ်ထဲ ပြန်လည်ထည့်သွင်းပေးမှာ ဖြစ်တာကြောင့် သွေးအား လျော့သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သွေးရည်ကြည်လှူဒါန်းတဲ့သူဟာ ရက်သတ္တ ၂ ပတ်ကနေ ၄ ပတ်အကြာ တကြိမ်စီ လှူနိုင်ပြီး ၃ ကြိမ်အထိ လှူနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် အမျိုးသားသွေးဌာနမှာ ကိုဗစ်ရောဂါပြန်ကောင်းလာသူတွေဆီက သွေးရည်ကြည် စုဆောင်းတာတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။  ရန်ကုန်မြို့ ဦးဝီစာရလမ်း ဇီဝကလမ်းခွဲ ဆေးသုတေသနဦးစီးဌာနမှာ သွေးရည်ကြည် လှူဒါန်းနိုင်ဖို့ သီးသန့်အခန်းထားရှိပြီး လှူဒါန်းလိုသူတွေအနေနဲ့ ဖုန်း- 09 5130418 နဲ့ 09 965130418 တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ သတင်း - နွေလှိုင်း(YU)
12 months Ago

August 30, 2020

သြဂုတ် ၁၀ ရက်နောက်ပိုင်း ရခိုင်ခရီးသွားသူအားလုံး ကျန်းမာရေးဌာနကို အကြောင်းကြားရမည်

ဩဂုတ် ၁၀ ရက်ကနေ ၂၇ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ရောက်သွားသူတချို့ရဲ့ စာရင်းတွေကို အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။ ဒီကာလအတွင်း ရခိုင်ပြည်နယ်ကနေ လေကြောင်းနဲ့ ထွက်ခွာသူပေါင်း ၅၇၀၀ ကျော်ရှိပြီး ဒီထဲက တချို့ဟာ ကိုဗစ်-၁၉ ကူးစက်နေသူတွေ ဖြစ်နိုင်တာကြောင့် ရခိုင်ပြည်နယ်ကို သြဂုတ် ၁၀ ရက်နောက်ပိုင်း ခရီးသွားရာဇဝင်ရှိသူအားလုံးဟာ နီးစပ်ရာ ကျန်းမာရေးဌာနတွေကို ချက်ချင်း အကြောင်းကြားရမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောထားပါတယ်။ ဒီနေ့ ထုတ်ပြန်လိုက်တဲ့စာရင်းထဲမှာတော့ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းနဲ့ သံတွဲမြို့တို့ကနေ ရန်ကုန်မြို့ကို သြဂုတ် ၁၀ ရက်ကနေ ၁၃ ရက်အထိ ပြေးဆွဲတဲ့ ခရီးစဉ်တွေမှာ လိုက်ပါသူတွေကို ဖော်ပြထားပြီး အားလုံးအယောက် ၁၉၀၀ ကျော်ပါတယ်။ ပြေးဆွဲခဲ့တဲ့ လေကြောင်းလိုင်းတွေကတော့ Myanmar National Airlines (MNA)၊ Air KBZ၊ Mann Yadanarpone Airlines၊ Air Thanlwin နဲ့ Golden Myanmar Airlines တို့ဖြစ်ပြီး စာရင်းတွေကို ဆက်ပြီးဖော်ပြမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ဟာ အချိန်တိုအတွင်း အများအပြားတွေ့နေပြီး ကပ်ရောဂါရဲ့ သဘောသဘာဝအရ နောက်ထပ်ရက်နည်းနည်းမှာလည်း ဆက်များနေနိုင်တယ်လို့ ဝန်ကြီးက ပြောထားပါတယ်။ ဆေးသုတေသနဦးစီးဌာနမှာ ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်က ဓာတ်ခွဲနမူနာ ၉ ခုလုံးမှာ ကိုဗစ်-၁၉ ရောဂါပိုးနဲ့ မျိုးဗီဇအစိတ်အပိုင်းတခုဟာ ပြောင်းလဲနေတာကို တွေ့ရလို့ အခုလို ကူးစက်တာ မြန်နေတယ်လို့ ယူဆပြီး မျိုးဗီဇတခုလုံးကို ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်နောက်ပိုင်းတွေ့ရတဲ့ ကိုဗစ်-၁၉ လူနာတွေမှာ ရောဂါလက္ခဏာတစုံတရာမပြဘဲ အမြင်အားဖြင့် နေကောင်းနေသူတွေ ၇၉ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။
1 year Ago
More News
Up