ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်

October 25, 2020

မဲဆွယ်ကာလ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ လိုက်နာရန် ကော်မရှင်  မေတ္တာရပ်ခံ

၂၀၂၀ ရွေးကောက်ပွဲအတွက် ကျန်နေသေးတဲ့ မဲဆွယ်ကာလ ၁၃ ရက်မှာ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ လိုက်နာကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေနဲ့ နေရာ‌ဒေသအလိုက် ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားတာပါ။ နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာမှာ သ‌တ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်တာ၊ social distancing rule တွေကို လိုက်နာဖို့လိုအပ်တာ၊ ဝန်းရံသူတွေကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားဆောင်ရွက်ချက်တွေကို လိုက်နာမှု အားနည်းတာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ရွေး‌ကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေ ပြုလပ်ရာမှာ နေရာအနေထား အကျယ်အဝန်းပေါ် မူတည်ပြီး တကြိမ်ကို လူဦးရေ ၅၀ ထက်မပိုစေဘဲ လူတဦးနဲ့ တဦးကြား အနည်းဆုံး ၆ ပေစီ ခြားပြီး နေရာချထားဖို့၊ လူတဦးအတွက် ၃၆ စတုရန်းပေနှုန်းနဲ့ လေဝင်လေထွက်တောင်းမွန်တဲ့ နေရာတွေမှာ ပြုလုပ်ဖို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဆိုတဲ့ အချက်တွေကို ကြေညာထားပြီး ဖြစ်ပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးကို အလေးထား ဆောင်ရွက်နေပြီး မဲဆန္ဒရှင် ပြည်သူတွေကလည်း သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ဆန္ဒမဲပေးနိုင်ရေးကို ဝိုင်းဝန်းကူညီကြဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ထုတ်ပြန်ထားပါတယ်။  သတင်း - ပြည့်ဖြိုးကိုကို
2 years Ago
Up