ကျန်းမာရေးစောင်ရှောက်စနစ် ကာကွယ်ရေး

January 18, 2021

ဆေးရုံများအင်အား ယိုင်နဲ့လာ၍ ကျန်းမာရေးစောင့်ရှောက်သည့်စနစ် ကာကွယ်ရေး လုပ်မည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နေလို့ ဆေးရုံတွေ အင်အားယိုင်နဲ့လာနေတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်တဲ့စနစ်ကို ကာကွယ်ဖို့ ဖြစ်နိုင်သမျှ လုပ်ဆောင်ချက် အားလုံးကို အစိုးရက သုံးမယ်လို့ ဂျပန် ဝန်ကြီးချုပ် ယိုရှိဟိဒဲ စုငါ့က ဇန်နဝါရီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟာ ဒီလထဲမှာ မြို့တော် တိုကျိုနဲ့ ပတ်ဝန်းကျင် စီရင်စုနယ် ၃ နယ်အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့တာပါ။ ကပ်ရောဂါ ကူးစက်နှုန်း တိုးလာလို့ ဂျပန် အနောက်ပိုင်းက အိုဆာကာနဲ့ ကျိုတို အပါအဝင် နောက်ထပ် စီရင်စု ၇ ခုကိုပါ အရေးပေါ်အခြေအနေ ကြေညာရတဲ့ နယ်တွေအဖြစ် တိုးချဲ့ ကြေညာခဲ့ပါတယ်။ “လိုအပ်တဲ့ လူတွေကို ဆေးဘက် ဝန်ဆောင်မှုပေးဖို့ အရေးကြီးတယ်၊ အုပ်ချုပ်ရေးမှူးတွေက တောင်းဆိုခဲ့ရင် ဂျပန်စစ်တပ် ဆေးတပ်ဖွဲ့ကို ဘယ်အချိန်မဆို တာဝန်ချထားဖို့ ကျနော်တို့ အားလုံး အဆင်သင့်ပဲ” လို့ ဝန်ကြီးချုပ်က လွှတ်တော် ပုံမှန်အစည်းအဝေး စတင်ချိန် မူဝါဒ မိန့်ခွန်းအတွင်း ပြောပါတယ်။ ဂျပန်ဟာ တခြား စီးပွားရေး အင်အားကြီးနိုင်ငံ အများအပြားထက်စာရင် ကပ်ဘေးသင့်မှု နည်းပေမယ့် လတ်တလော သီတင်းပတ်တွေမှာတော့ ကူးစက်နှုန်း တိုးလာနေပါတယ်။ နိုင်ငံတွင်း ဆေးဝါး ကုသရေးစနစ် ပြိုလဲကျနေပြီလို့ ဂျပန် ဆေးဘက်အဖွဲ့အစည်း ဥက္ကဋ္ဌ တိုရှိအို နာခါ့ငါ့ဝါ့က ပြောပါတယ်။ ကပ်ဘေးကြောင့် ဂျပန်ဟာ နိုင်ငံခြားသားတွေကို နိုင်ငံထဲ ဝင်ခွင့် မပေးခဲ့သလောက် ဖြစ်ပြီး ပွဲစဉ်ကြီးတွေကိုလည်း ပိတ်ပစ်ခဲ့ရပါတယ်။ တကြိမ် နှောင့်နှေးခဲ့ပြီးဖြစ်တဲ့ တိုကျိုအိုလံပစ် ပွဲတော်ကိုလည်း စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး ဝန်ကြီး တာရို ခိုနိုက ပြောထားပါတယ်။  ဒါပေမယ့် ဝန်ကြီးချုပ်ကတော့ ဒီနွေမှာ အားကစားပွဲတွေကို လက်ခံကျင်းပမယ်လို့ ထပ်ပြောပါတယ်။ ဂျပန်မှာ ကျန်ခဲ့တဲ့ သီတင်းပတ် ၆ ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၂ ဆ တက်လာခဲ့တာကြောင့် စုစုပေါင်း လူ ၃ သိန်း ၃ သောင်းလောက် ကူးစက်ခံထားရပြီး လူနာ ၄၅၂၅ ဦး သေဆုံးခဲ့တယ်လို့ ဂျပန်ရုပ်သံ NHK က ပြောပါတယ်။
9 months Ago
Up