ကျန်းမာရေးစည်းကမ်းလိုက်နာမှုအားနည်း

November 8, 2020

ဖားကန့်မြို့နယ် မဲရုံအများစုတွင် ကျန်းမာရေးစည်းကမ်းလိုက်နာမှုအားနည်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်ပြည်သူတွေ ဒီကနေ့မနက်က စပြီးလာရောက် မဲပေးနေကြပါတယ်။  မဲပေးရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဆန္ဒမဲပေးတာဟာ ကိုဗစ်-၁၉ ပိုး တွေ့လူနာအများဆုံးရှိတဲ့ တောင်ပြိုကျေးရွာက မဲရုံအမှတ် ၁၀၁ မှာပဲတွေ့ရှိရပြီး တခြားမဲရုံအများစုကတော့ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ မညီတာကိုတွေ့ရပါတယ်။ တောင်ပြိုကျေးရွာဟာ ကိုဗစ်-၁၉ကူးစက်ခံရသူ ၈၃ ဦးထိရှိပြီး ကချင်ပြည်နယ်တခုလုံးမှာ အတည်ပြုလူနာအများဆုံးရှိတဲ့ကျေးရွာဖြစ်ပါတယ်။ အဆိုပါရွာမှာ မဲပေးခွင့်ရှိသူ  ၈၉၂ ဦး  ရှိပြီး ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက အသွားအလာကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၈၀,၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၀၅ ရုံရှိရာမှာ မဲရုံအများစုဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆန္ဒပေးတာ မတွေ့ရပါဘူး။ သတင်း- ဇော်မိုးထက် (ဖားကန့် )
1 year Ago
Up