ကျန်းမာရေးစစ်ဆေးမှု

July 17, 2020

ကယားပြည်နယ် မြို့ဝင်/ထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု ရုပ်သိမ်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကယားပြည်နယ်အတွင်းရှိ မြို့ဝင်/မြို့ထွက်ဂိတ်တွေမှာ ချမှတ်ထားတဲ့ ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုတွေကို ဇူလိုင် ၁၆ ရက်ကစပြီး ပြည်လည်ရုပ်သိမ်းလိုက်ပါတယ်။ ပြည်ထောင်စုနဲ့ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီအဆင့်ဆင့်က ညွှန်ကြားလာသလို နိုင်ငံအတွင်း ကူးစက်မှုမရှိတဲ့အတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုတွေကို ရုပ်သိမ်းလိုက်တာလို့ လွိုင်ကော်မြို့နယ် အုပ်ရေးချုပ်မှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။ “လွိုင်ကော်မြို့နယ်အနေနဲ့က ဒီဂိတ် ၃ ဂိတ်ကို ကျန်းမာရေး စစ်ဆေးမှုတွေကို ယာယီ ဖြုတ်သိမ်း လိုက်တာပေါ့နော်။ ကျနော့်အနေနဲ့ ပြောရရင်တော့ လွိုင်ကော်မှာပဲဖြစ်ဖြစ်၊ ပြည်မမှာပဲဖြစ်ဖြစ် ရောဂါ ထပ်ဖြစ်တယ်လို့ ကြားရင်တော့ လိုအပ်ရင် ပြန်ထားဖို့ အစီအစဉ်တွေလည်းရှိပါတယ်။ ကျန်တဲ့ရဲတွေ၊ လဝကတို့၊ ထွေအုပ်တို့၊ သူ့ကဏ္ဍအလိုက်ကတော့ အဲဒီဝန်ထမ်းတွေကတော့ ဆက်ရှိနေဦးမှာပေါ့။” လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ဝင်မြို့ထွက်ဂိတ် ၃ ဂိတ်ဖြစ်တဲ့ ထီးစခန်းပူးပေါင်း စစ်ဆေးရေးဂိတ်၊ ပီကင်း-ကောခူ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ဆောင်ကန်းဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ပြည်နယ်အတွင်းရှိ ၇ မြို့နယ်ထဲက နယ်စပ်နဲ့ ထိစပ်နေတဲ့မြို့နယ်တွေကတော့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ဆက်လက် ထားရှိဦးမယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့နယ် အုပ်ရေးချုပ်မှူး ဦးရန်နိုင်ဝင်းက“ကျန်တဲ့မြို့နယ်တွေကတော့ နှစ်နိုင်ငံ ဆက်နေတဲ့နေရာတွေကတော့ ပိတ်လို့မရသေးဘူး။ အဲဒီမှာလူဝင်လူထွက်က ရှိနေမှာကို၊ ရှိနေတော့ နှစ်နိုင်ငံထိစပ်နေတဲ့ ဂိတ်တွေကလွဲလို့ ကျန်တဲ့ ဂိတ်တွေအကုန်လုံး၊ ဒါကတော့ တနိုင်ငံလုံးအနေအထားပါပဲ။ ဘာကြောင့်လဲဆိုတော့ မနက် ၈ ည ၈ သတင်းတွေမှာလည်း local မှာ မရှိနိုင်လောက်တော့ဘူးလို့ ယူဆတယ်ပေါ့၊ ဘာကြောင့်လဲဆိုတော့ ပိုးတွေ့တဲ့လူတွေက ပြည်ပပြန်တွေပဲဖြစ်နေတာကိုး၊ အဲတော့ ကျနော်တို့ အဓိက ထားပြီးတော့ တားဆီးရမှာက ပြည်ပပြန်တွေကို စနစ်တကျနဲ့ Quarantine center တွေကို ပို့နိုင်ဖို့ပဲ။”လို့ ပြောပါတယ်။ ဇူလိုင် ၁၆ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာ စုစုပေါင်း  ၃၃၉ ဦး၊ သေဆုံးသူ ၆ ဦး နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၂၇၀ ဦးနဲ့ ဒီအထဲက ၂၅၃ ဦးကို  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တနိုင်ငံလုံးမှာ  ပိုးတွေ့လူနာ ၃၃၉ ဦးရှိပေမဲ့ ကယားပြည်နယ်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့ လူနာ မရှိသေးတဲ့ တခုတည်းသောပြည်နယ်ဖြစ်ပါတယ်။  ကယားပြည်နယ်က မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုတော့ ၂ လထပ်တိုးထားပါတယ်။
11 months Ago

June 6, 2020

တပ်မတော်နှင့်ပြေလည်မှုရ၍ ကေအန်ယူက ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးမှု ပြန်စမည်

တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းပြေလည်သွားပြီဖြစ်တာကြောင့် ဖာပွန်ခရိုင် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်‌မြေအတွင်း ကေအန်ယူက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးမှုတွေ ပြန်လည်ဆောင်ရွက်သွားမယ်လို့ ကေအန်ယူက ပြောပါတယ်။ သတ်မှတ်နေရာ ကမမောင်း-ဖာပွန် ကားလမ်းမှာ ကျန်းမာရေးစစ်ဆေးသွားမှာဖြစ်ပြီး ​ကေအန်ယူ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အရပ်ဝတ်နဲ့ စစ်ဆေးသွားမယ်လို့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် တပ်မဟာ ၅ ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးက ပြောပါတယ်။ “‌ပြေလည်သွားကုန်ပြီ။ ကျနော်တို့ဆီမှာ ကိုဗစ်-၁၉ စစ်ဆေးဖို့ရှိတယ်။ အရပ်ဝတ်နဲ့ နေရာယူပြီးတော့ စစ်ဆေးမယ်။ နှစ်ဖက်လုံး ညှိနှိုင်းတဲ့အခါမှာ သဘောတူညီမှုတွေရပြီး ပြေပြေလည်လည်တွေ ဖြစ်သွားတာ။ တဖက်ကိုလည်း တင်ပြပြီးတော့ ဆွေးနွေးတယ်။ တပ်ဘက်ကိုလည်း ကျနော်တို့ တင်ပြပြီး ဆွေးနွေးတဲ့အခါမှာ အားလုံးက ဘုံသဘောတူညီချက်ရသွားတာ။” ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ တပ်မဟာ ၅ နယ်မြေမှာ နှစ်ဖက်ပစ်ခတ်မှုတွေ၊ ခရီးသွားလာမှုနဲ့ အချိန်ကန့်သတ်မှုတွေကို ကေအန်ယူဆံဆက်ရေး တာဝန်ခံနဲ့ ဂျေအန်စီ အကျိုးဆောင်တွေက ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုတွေကြောင့် ပြေလည်မှုတွေ ရရှိခဲ့တာပါ။ တပ်မတော်နဲ့ ကေအန်ယူတို့ နှစ်ဖက်ညှိနှိုင်းမှုတွေကြောင့် ခရီးသွားလာခွင့်နဲ့ အချိန် ကန့်သတ်ထားတာတွေ ခွင့်ပြုပေးလိုက်ပြီလို့ ဂျေအန်စီ(ဖာပွန်) တာဝန်ရှိသူက အတည်ပြု ပြောဆိုပါတယ်။ ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာနေ ဦးသန်းဝင်းက “ဒီလိုအသံတွေကြားတော့ ဒေသခံတွေအနေနဲ့ လုပ်ကိုင်စားသောက်ရတာ အဆင်ပြေမယ်။ နှစ်ဖက် အဆင်ပြေသွားတယ်ဆိုတော့ ပြည်သူတွေက ကြိုဆိုတာပေါ့”လို့ ပြောပါတယ်။ မေလက စတင်ပြီး တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် နှစ်ဖက် တင်းမာမှုတွေ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး တပ်မတော်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာမှာ “ကျနော်တောင် မသိသေးဘူး။ ကျနော် မေးလိုက်ဦးမယ်။ တကယ်မသိဘူး” လို့ ပြောပါတယ်။ ရဲမင်းခေါင်
1 year Ago
More News
Up