ကျန်းမာရေးစစ်ဆေး

September 9, 2020

သင်္ဃန်းကျွန်းနေ ပြည်သူ ၉၆၀၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးရာ ကိုဗစ်-၁၉ သံသယမတွေ့

ရန်ကုန်တိုင်းထဲက ကိုဗစ်-၁၉ ပိုးတွေ့သူအများဆုံး မြို့နယ်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူ ၉၆၀၀၀ ကျော်ကို မနေ့က ကျန်းမာရေးစစ်ဆေးရာမှာ ကိုဗစ်-၁၉ သံသယမတွေ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဒီဗွီဘီကိုပြောပါတယ်။ မနေ့က သင်္ဃန်းကျွန်းမြို့နယ်ရှိရပ်ကွက် ၁၀ ခုက ပြည်သူ ၉၆၀၀၀ ကျော်ကို ကား ၁၀ စီးနဲ့ သတ်မှတ်နေရာတွေမှာ အပူချိန်တိုင်းတာတွေ၊ ဖျားနာခြင်း၊ နှာစေးခြင်း၊ အသက်ရှုကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်ဆေးပေးခဲ့ပြီးနောက် ဖျားနာလို့ လာပြတဲ့သူ ၅ ယောက်ရှိပြီး၊ သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ ဆေးရုံက ဖျားတာလို့ပြောပြီး ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ မြန်မာပြည် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ပိုးတွေ့လူနာ များပြား လာတဲ့ သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဥက္ကလာ၊ သာကေတစတဲ့မြို့နယ်တွေက ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးပေးတာတွေ ဆက်လုပ်ပေးသွားမယ်လို့ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနတွေက ပြောပါတယ်။  ပိုးတွေ့လူနာများတဲ့ မြို့နယ်တွေကို ကျန်းမာရေးစစ်ဆေးတာအပြင် ဒိထက်ပိုပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးစေချင်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၀၇ ယောက်ရှိပြီး ဒီထဲက ရန်ကုန်တိုင်းမှာ ၉၇၁ ယောက်ပါဝင်ကာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေထဲမှာတော့ သင်္ဃန်းကျွန်းမြို့နယ်ဟာ ကူးစက်မှုအရှိန်မြင့်တဲ့ကာလ သြဂုတ် ၂၇ ရက်ကနေ ဒီမနက်အထိ လူနာပေါင်း ၁၇၀ နဲ့ အများဆုံးတွေ့ရပါတယ်။
1 year Ago

April 14, 2020

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစုဝင်အပါအဝင် အနီးကပ်ထိတွေ့သူ ၃၀ ခန့်ကို ကျန်းမာရေး စစ်ဆေးမည်

ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ မိသားစုဝင်တွေ၊ သူနဲ့ အနီးကပ်ထိတွေ့သူတွေ စုစုပေါင်း ၃၀ လောက်ကို ဒီနေ့မှာ ဓာတ်ခွဲနမူနာယူပြီး COVID-19 ရောဂါရှိ မရှိ  စစ်ဆေးမှာ ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မနေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ COVID-19 ကူးစက်ခံ အတည်ပြုလူနာစာရင်းမှာ ဘာသာရေးအဖွဲ့အစည်းတစ်ခုက ပုဂ္ဂိုလ်တချို့လည်း ပါဝင်နေတာပါ။ ဒီဘာသာရေး အဖွဲ့အစည်းနဲ့ ဒုတိယသမ္မတ ၂ တို့ရဲ့ ဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တက်လာတာကြောင့် အစိုးရအနေနဲ့ ဒုတိယသမ္မတ ၂ နဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့သူတွေကို ဓာတ်ခွဲစမ်းသပ်တော့မှာ ဖြစ်ပါတယ်။ "အဆိုပါပုံတွေဟာ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ကလို့ စိစစ်သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ အစောဆုံး ကူးစက်မှု တွေ့ရှိခဲ့တာက မတ်လ ၂၃ ရက်နေ့ ဖြစ်ပါတယ်။ အဆိုပါဘာသာရေးအဖွဲ့နဲ့ ဒီရက် နောက်ပိုင်းတွေ့ဆုံမှုမရှိဘူးလို့ သိရပါတယ်။ သို့သော်လည်းပဲ အခုလို ထိတွေ့မှု သတင်းတွေ အပေါ်မှာ လူထုစိုးရိမ်မှု မြင့်တက်နေတာတွေ့ရှိရတဲ့အတွက် ရှင်းရှင်းလင်းလင်းသိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး စုစုပေါင်း လူ ၃၀ လောက်ကို ဒီနေ့ ဓာတ်ခွဲနမူနာတွေ ရယူပြီး စစ်မှာ ဖြစ်ပါတယ်" လို့ဦးဇော်ဌေး က ပြောပါတယ်။ လက်ရှိမှာတော့ နိုင်ငံ့အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေးGuideline တွေနဲ့အညီ အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
2 years Ago
More News
Up