ကျန်းမာရေးကို အလွန်ဆိုးဝါးစွာ ထိခိုက်နိုင်သဖြင့် E-စီးကရက် မသောက်ကြရန် သတိပေး

October 7, 2019

ကျန်းမာရေးကို အလွန်ဆိုးဝါးစွာ ထိခိုက်နိုင်သဖြင့် E-စီးကရက် မသောက်ကြရန် သတိပေး

E-စီးကရက် သောက်သုံးတာဟာ စီးကရက်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထုတ်ကုန်ပစ္စည်းတွေလိုမျိုး ကျန်းမာရေးကို အလွန်ဆိုးဆိုးရွားရွား ထိခိုက်နိုင်တဲ့အတွက် အသုံးမပြုကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ E-စီးကရက်မှာ နီကိုတင်းဓာတ်တွေ လွန်လွန်ကဲကဲ ပါနေပြီး E-စီးကရက်သောက်တာဟာ ဆေးလိပ်နဲ့ စီးကရက်သောက်သလိုပဲ အန္တရာယ်ရှိတာကြောင့် လုံးဝ ရှောင်ကြဉ်ကြဖို့ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ တာဝန်ရှိသူက ပြောပါတယ်။ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက “ဒါကတော့ ကမ္ဘာ့ကျန်းမာရေးဌာနကလည်း ပြောနေပြီ။ အခု လူတွေက စီးကရက်မသောက်ဘဲ E-စီးကရက်သောက်တာက အန္တရာယ်ကင်းတယ်ထင်နေလားမသိပါဘူး။ ကျနော်တို့ဆီမှာလည်း တော်တော်များများတွေ့နေရလို့ ဝန်ကြီးဌာနကိုတင်ပြ အတည်ပြုချက်ယူပြီး အခုလို ထုတ်ပြန်လိုက် တာပါ” လို့ ပြောပါတယ်။  E-စီးကရက်ဆိုတာက ဆေးရည်တမျိုးမျိုးကို ထည့်သွင်းပြီး လျှပ်စစ်နဲ့ အပူပေးလို့ ထွက်လာတဲ့အငွေ့ကို စီးကရက်လို ရှူရှိုက်လို့ရတဲ့ ကိရိယာဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက နီကိုတင်းဓာတ်တွေ လွန်လွန်ကဲကဲ ပါနေပြီး လူငယ်တွေအတွက် ဦးနှောက်ဖွံ့ဖြိုးတာကို ထိခိုက်စေတာ၊ အာရုံစူးစိုက်နိုင်အားကျလာတာ၊ သင်ယူနိုင်စွမ်းရည် နည်းလာတို့ ဖြစ်ပါတယ်။ “ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက်တွေအရ E-စီးကရက်ဟာလည်း ဆေးလိပ်၊ ဆေးရွက်ကြီးတွေနဲ့တန်းတူ အန္တရာယ်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကိုတော့ သုတေသန လုပ်ရဦးမယ်။ ဒါပေမယ့် ခုက အရပ်ထဲမှာလည်း (သောက်သုံးသူ) တော်တော်များများ တွေ့နေရတယ်” လို့ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။ E-စီးကရက်အငွေ့မှာ သတ္တုဓာတ်တွေ၊ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ တခြားဓာတုပစ္စည်းတွေ ပါဝင်နေတာပါ။ ဒီဓာတုပစ္စည်းတွေက ရေရှည်မှာ အဆုတ်ကို ထိခိုက်ပျက်စီးစေသလို နောက်ဆက်တွဲ ကင်ဆာရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်တယ်လို့ ကြေညာထားပါတယ်။
2 years Ago
Up