ကျန်းမာရေးကိစ္

July 23, 2021

တောင်တွင်းကြီးတွင် ကျန်းမာရေးကိစ္စအကြောင့် အပြင်ထွက်သူများကို စစ်ကောင်စီတပ်က ရိုက်နှက်

တောင်တွင်းကြီးမှာ အပြင်မထွက်ရသတ်မှတ်ချိန် ကျန်းမာရေးကိစ္စကြောင့် အပြင်ထွက်သူတွေကို စစ်ကောင်စီတပ်တွေက ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ရိုက်နှက်ခံရသူတွေဆီက သိရပါတယ်။

ရိုက်နှက်ခံရသူတဦးက “အမေ့အတွက် ဆေးထွက်ဝယ်ပြီးပြန်လာတာ။ ၉ နာရီကျော်သွားတော့ သူတို့စစ်ကားကြီးနဲ့ ရောက်လာပြီး လမ်းပေါ်ကလူတွေကို ဝါးရင်းတုတ်နဲ့လှိမ့်ရိုက်တော့တာပဲ၊ အရိုက်ခံရတဲ့သူတွေများတယ်။ ရောဂါပိုးကတစ်မျိုး မင်းဆိုးကတစ်မျိုးပါဗျာ” လို့ ပြောပါတယ်။

တောင်တွင်းကြီးမှာ Stay At Home အဖြစ် မနက် ၉ နာရီမှ ညနေ ၅ နာရီနဲ့ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရလို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံဆရာဝန်တစ်ဦးက “ရောဂါကူးစက်ပုံသဘာဝကိုလည်း သေချာမလေ့လာ၊ ကူးစက်မှုလျော့ကျအောင် ဘယ်လိုထိန်းချုပ်ကာကွယ်မလဲ ဆိုတဲ့အစီအမံလည်းမရှိ၊ စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ စိတ်ကူးပေါက်ရာ လုပ်ချင်တာလုပ်နေကြတာဟာ ရောဂါကူးစက်မှုကို မထိန်းချူပ်နိုင်တဲ့အပြင် ပိုမိုဆိုးဝါးလာမယ့်အခြေအနေမှာရှိနေပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

တောင်တွင်းကြီးမြို့ပေါ်က မြို့မစျေးအပါအဝင် စျေးအားလုံးကို  နေ့စဉ် မနက် ၉ နာရီ လုံးဝပိတ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားပြီး ညွှန်ကြားချက်တွေဟာ မကြာခဏပြောင်းလဲပြီး မည်မျှကြာမြင့်မလဲဆိုတဲ့ ရက်သတ်မှတ်ချက်မပါရှိတာကြောင့်လည်း ဒေသခံပြည်သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

6 months Ago
Up