ကျန်နေသူ

July 19, 2020

ရေးမြို့နယ် မဲစာရင်း၌ နိုင်ငံသားမှတ်ပုံတင်ဖြည့်ရန်ကျန်နေသူများကို လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မဲစာရင်းကောက်ယူခဲ့စဉ်က နိုင်ငံသားမှတ်ပုံတင်ဖြည့်သွင်းဖို့ ၅ သောင်းကျော်ကျန်ရှိနေတာကြောင့် အခုလ တတိယပတ်ကစလို့ စေတနာ့ဝန်ထမ်းတွေနဲ့ လိုက်လံစစ်ဆေးဆောင်ရွက်နေပါတယ်။ အဲဒီလိုကောက်ခံရာမှ ရပ်ကွက်နဲ့ ကျေးရွာတခုကို စေတနာ့ဝန်ထမ်း ၅ ဦးစီးပါဝင်ပြီး အခုလကုန်အတွင်း စာရင်းအရ ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ ရေးမြို့နယ်လ၀ကဦးစီးမှူး ဦးမျိုးခိုင်က ပြောပါတယ်။ “နိုင်ငံသားမှတ်ပုံတင်နေရာမှာ ကွက်လပ်ဖြည့်တဲ့သူတွေကိုသာ လိုက်လံစစ်ဆေးဆောင်ရွက်မှာဖြစ်တယ်၊ ရှိတယ်ဆိုဖြည့်မယ်၊ ပျောက်ဆုံးတာ၊ လုံးဝမရှိသေးဘူးဆိုရင် နိုင်ငံသားကတ်အသစ်လုပ်မယ်ဆိုပြီး စာရင်းထည့်မယ်။  ဆုံးသွားတာတို့ ရှိလာရင် သေဆုံးစာရင်းထည့်မယ်။ ဘုန်းကြီးဝတ်နေတာတို့ရှိရင် ရွေးကောက်ပွဲမတိုင်ခင် ထွက်မယ်ဆိုရင် ဖြည့်သွင်းပါမယ်။ စာရင်းထပ်တာ၊ ရူးသွပ်တာ၊ အသက်မပြည့်တာ၊ ပြည်ပသွားတို့ရှိရင် စာရင်းပြုစုမယ်ပေါ့။”  ကောက်ခံပြီးတဲ့ စာရင်းတွေအရ နိုင်ငံသားကတ်အသစ်ပြုလုပ်ဖို့ ရှိလာပါက လာမယ့်ရွေးကောက်ပွဲအမီ ကွင်းဆင်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဦးမျိုးခိုင်က ပြောပါတယ်။ ရေးမြောက်ပိုင်းနေ စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူတဦးက ''မဲထည့်ချင်သူ နိုင်ငံသားတိုင်းအတွက် ခုလိုဆောင်ရွက်ခွင့်ရတာ အကျိုးရှိတဲ့ လုပ်ရပ်လို့မြင်ပါတယ်။ မဲထည့်ချင်သူ နိုင်ငံသားတွေအနေနဲ့လည်း မဲစာရင်းတွေထွက်ပေါ်လာခဲ့ရင် လာရောက်ကြည့်ရှုစေချင်တယ်၊ ဒီလိုဖြစ်အောင်လည်း အရပ်ဘက်အဖွဲ့တွေနဲ့ ပါတီတွေက တိုက်တွန်းပေးစေလိုပါတယ်”' လို့ ပြောပါတယ်။ ရေးမြို့နယ်အတွင်း လာမယ့်ရွေးကောက်ပွဲအတွက် ကောက်ခံရရှိတဲ့စာရင်းအရ မဲပေးခွင့်ရှိသူဦးရေ ၂ သိန်းကျော်ရှိနေပြီး ပထမအကြိမ်မဲပေးမယ့်သူ ၃၀၀၀၀ လောက် ပါဝင်လာနိုင်တယ်လို့ ရေးမြို့နယ်ကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ဝင်းနိုင်သက်
10 months Ago
Up