အီရတ်နိုင်ငံ အမ်ကက်ဆာဆိပ်ကမ်းနားမှာ နိုဝင်ဘာ ၂၄ ရက်က ဆန္ဒပြလူအုပ်ကို လူစုခွဲဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျည်အစစ်နဲ့ပစ်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးပြီး အယောက် ၉၀ လောက် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆိပ်ကမ်းဝင်ပေါက်ကို သွားတဲ့လမ်းတွေကို ဝင်လို့မရအောင် အာဏာပိုင်တွေက ပိတ်ထားလို့ ဖွင့်ပေးဖို့ ဆန္ဒပြသူတွေကစုရုံး တောင်းဆိုခဲ့တာပါ။
အီရတ်ဟာ စားနပ်ရိက္ခာအတွက် တင်သွင်းကုန်တွေကို အကြီးအကျယ်မှီခိုအားထားရတဲ့ နိုင်ငံ ဖြစ်ပြီး အမ်ကက်ဆာဆိပ်ကမ်းဟာ လူသုံးကုန်ပစ္စည်းတွေ တင်သွင်းရာမှာ အီရတ်နိုင်ငံရဲ့ အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့အပြင် ကောက်ပဲ သီးနှံတွေ ဟင်းရွက်ဆီတွေနဲ့ သကြားတို့ကို အဓိက တင်သွင်း ပါတယ်။
မြို့တော်ဘဂ္ဂဒက်နဲ့နိုင်ငံတောင်ပိုင်းက မြို့အတော်များများမှာ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ ဝင်တွေက ပစ်ခတ်ခဲ့လို့ ဆန္ဒပြသူ ၉ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့အပြီး နိုဝင်ဘာ ၂၄ ရက်မှာတော့ နိုင်ငံတဝန်း တင်းမာမှု မြင့်တက်ခဲ့ပါတယ်။
အီရတ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အောက်တိုဘာအစောပိုင်းမှာ ပေါ်ပေါက်အပြီးမှာ အာဏာရှင်ဆက်ဒမ်ဟူစိန် ပြုတ်ကျအပြီး အကြီးဆုံး ဆန္ဒပြပွဲတွေအဖြစ် ကျယ်ပြန့်လာခဲ့ပါတယ်။
အောက်တိုဘာကနေ ခုထိ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၃၃၉ ယောက်ထက်မနည်း ရှိနေပြီလို့ လုံခြုံရေးနဲ့ဆေးဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
3 years Ago