ဆူဒန်နိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြသူ ထောင်ချီဟာ မြို့တော်ခါတွန်မှာ ဇန်နဝါရီ ၃၀ ရက်က လုံခြုံရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့လို့ ဆန္ဒပြသူ တယောက် သေဆုံးတယ်လို့ ဆန္ဒပြပွဲတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆရာဝန်တွေက ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် မိုဟာမဒ်ယူဆွတ်ဖ်အစ်မေးလ်ဟာ ရင်ဘတ်ကို ကျည်ထိမှန်ခဲ့တာလို့ ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီ CCSDက ပြောပါတယ်။
အောက်တိုဘာ ၂၅ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေဆီက ကြေညာချက် တစုံတရာ မထွက်လာသေးပါဘူး။
ဆန္ဒပြပွဲတွေကို တားမြစ်ပိတ်ပင်တဲ့ အမိန့်ကို အာခံတဲ့အနေနဲ့ ချီတက်လာတဲ့ လူအုပ်တွေကို လူစုခွဲဖို့ လုံခြုံရေးတပ်ဖွဲ့တွေက ငရုတ်ကောင်းရည်တွေနဲ့ မျက်ရည်ယို ဓာတ်ငွေ့ တွေသုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းထောက် တယောက်က ပြောပါတယ်။
ဆန္ဒပြသူတွေက ဘလူးနိုင်း မြစ်ကမ်းပါးပေါ်က သမ္မတနန်းတော်ဆီရောက်ဖို့ တမိုင်အလို အရောက်မှာ လုံခြုံရေးတပ်တွေက ပိတ်ဆို့ခဲ့ပြီး ဆန္ဒပြသူတွေနဲ့ စပြီး ထိပ်တိုက်တွေ့ခဲ့ပါတယ်။
သီတင်းပတ်တွေအတွင်း ပထမဆုံးအနေနဲ့ အင်အားပြရင်း လက်နက်ကိုင် စစ်သည်တွေနဲ့ စစ်သုံးယာဉ်တွေကို မြို့တော်တဝန်းမှာ ပထမဆုံး တပ်ချထားပါတယ်။
သမ္မတဟောင်း အိုမာအယ်လ်ဘတ်ရှီးယားကို ဆန္ဒပြ ဖြုတ်ချအပြီး ၂၀၁၉ မှာ ညှိနှိုင်းထားတဲ့အတိုင်း စစ်တပ်နဲ့ အရပ်သားတွေကြား အာဏာခွဲဝေယူရေး သဘောတူညီချက်ဟာ အောက်တိုဘာ စစ်အာဏာ သိမ်းမှုကြောင့် အဆုံးသတ်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်မှာတော့ ဆူဒန်အာဏာပိုင်တွေဟာ မြို့တော် ခါတွန်ရဲ့ မြို့လယ်မှာ လူစုလူဝေးတွေ လုပ်တာကို တားမြတ်ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့ပြီး ရင်ပြင်တွေနဲ့ ဒေသန္တရ နေရာတွေမှာ စုရုံးကြဖို့ လူထုကို တိုက်တွန်းခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို နှိမ်နင်းမှုအတွင်း သေနတ်ကျည်ဆန်တွေ မျက်ရည်ယိုဗုံးတွေကြောင့် အရပ်သား ၇၉ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး အယောက် ၂၀၀၀ ကျော် ဒဏ်ရာ ရခဲ့ပြီးပြီလို့ CCSDက ပြောပါတယ်။
ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုထားတယ် ဆန္ဒပြပွဲတွေအတွက် သေဆုံး ဒဏ်ရာရတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးမယ်လို့ စစ်အာဏာပိုင်တွေက ပြောထားပါတယ်။
မကွေးတိုင်းဒေသကြီး၊ ယောဒေသ ကျောမြို့၊ အမှတ် ၂ ရပ်ကွက် (ယခင် ပဲမစားကျေးရွာ) မှာ မတ်လ ၂၁ ရက် ည ၁၀ နာရီလောက်က စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
အဆိုပါရပ်ကွက်ရှိ စာသင်ကျောင်းမှာ စစ်တပ်က စခန်းချဖို့ ပြင်ဆင်လာတာကို ဒေသခံတွေက ကန့်ကွက်ရာကနေ အခုလို ပစ်ခတ်ခံရတာဖြစ်ပါတယ်။
အသက် ၆၆ နှစ် ဒေါ်မွှာစီမှာ ရင်ဘတ်၊ နို့အုံနဲ့ လက်မောင်းတို့မှာ သေနတ်ကျည်ဆံ ထိမှန်ဒဏ်ရာတွေကြောင့် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသား တစ်ယောက်ကိုလည်း ဖမ်းဆီးရိုက်နှက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလအစောပိုင်းကလည်း ထီးလင်းမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း အကြမ်းဖက် ရဲတပ်ဖွဲ့က ပစ်ခတ်လို့ လူငယ်တစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါသေးတယ်။
ယောဒေသအတွင်း စစ်ကောင်စီအကြမ်းဖက် စစ်တပ်၊ ရဲတို့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ နှစ်ဦးထိ ရှိလာပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတချို့လည်း ရှိနေပါတယ်။