ကျည်ဆန်ထပ်မံကျရောက်ပါက

August 13, 2021

တရုတ်မြေပေါ် ကျည်ဆန်ထပ်မံကျရောက်ပါက လက်တုံ့ပြန်မည်ဟု စစ်ကောင်စီကို တရုတ်အစိုးရ သတိပေး

တရုတ်နိုင်ငံနယ်နိမိတ်အတွင်း မြန်မာဘက်ကပစ်ခတ်လိုက်တဲ့ ကျည်ဆန်တွေထပ်မံကျရောက်ပါက ပြန်လည်လက်တုံ့ပြန်သွားမယ်လို့  တရုတ်နိုင်ငံခြားရေးဌာနက အာဏာသိမ်းစစ်ကောင်စီကို သတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်နဲ့ MNDAA (ကိုးကန့်)တပ်တို့ ဩဂုတ် ၄ ရက်နဲ့ ၆ ရက်‌နေ့တွေမှာဖြစ်ပွားခဲ့တဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ ကျည်တွေ   တရုတ်ပိုက်နက်ထဲ ကျရောက်ခဲ့တာပါ။

Photo-CGTN/CMG

ဩဂုတ် ၄ နေ့  မနက် ၁၀ နာရီကျော်လောက်က မြန်မာဘက်က ပစ်ခတ်တဲ့ အမြောက်ကျည်ဆန်တစ်လုံး ဝမ်တိမ်မြို့အနီးကျရောက်ခဲ့သလို ဩဂုတ် ၆ ရက်ကလည်း ဝမ်တိန်ဂိတ် ပေါက်ရှေ့တိုက်ပွဲဖြစ်ပွားခဲ့လို့ ကျည်ဆန်တစ်တောင့် တရုတ်နိုင်ငံတွင်းက အဆောက်အအုံ တစ်လုံး ထိမှန်ခဲ့တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။  

မြန်မာနိုင်ငံပိုင်နက်ဧရိယာအတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သေနတ်ကျည်ဆန်နဲ့ အမြောက်ဆန်တွေ  တရုတ်နိုင်ငံအတွင်း ကျရောက်တာဟာ တရုတ်- မြန်မာနှစ်နိုင်ငံသဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်ပြီး  နယ်စပ်ရှိလူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို များစွာခြိမ်းခြောက်တာဖြစ်တယ်လို့ တရုတ်ဘက်ကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဩဂုတ် ၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဌာန စစ်သံမှူးတစ်ဦးက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေကိုခေါ်ယူတွေ့ဆုံပြီး တိုက်ပွဲချက်ချင်းရပ်ဆိုင်းဖို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နယ်စပ် စစ်ပွဲတွေ  နောက်နောင် မဖြစ်ပွားစေလိုကြောင်း၊ နယ်စပ်လုံခြုံရေးကို အတူတကွထိန်း‌ချုပ်သွားမှာဖြစ်ကြောင်းနဲ့ မိမိနိုင်ငံဘက် ကျည်ထပ်မံကျပါက ပြန်လည်တုံပြန်သွားမှာဖြစ်ကြောင့် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက အကြောင်းကြားစာပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံနယ်နိမိတ်အတွင်း ကျည်ကျ‌ရောက်ထိမှန်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ရဲ့ ကွတ်ခိုင် စစ်ဗျူဟာမှူးကတော့ သူတို့ပစ်တဲ့ကျည်မဟုတ်ကြောင်း ပြန်လည် ငြင်းဆိုထားပါတယ်။

4 months Ago
Up