ကျင်းပမည်

October 2, 2020

ဆယ်နှစ်ပြည့် ဝဿန်အွန်လိုင်းရုပ်ရှင်ပွဲတော် အောက်တိုဘာ ၁၀ ရက်စတင်ကျင်းပမည်

နှစ်စဉ်ကျင်းပနေကျ ဝဿန်ရုပ်ရှင်ပွဲတော်ကို လာမယ့် အောက်တိုဘာ ၁၀ ရက်ကနေ ၁၈ ရက်နေ့ထိ အွန်လိုင်းရုပ်ရှင်ပွဲတော်အနေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို ကျင်းပလာခဲ့တာ ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ အခုနှစ်မှာတော့ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းကသာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်ပွဲတော်မှာ အထူးပြသမှုအနေနဲ့ ဇာတ်လမ်းတို ၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ MEKONG 2030 ဇာတ်ကားကို ပြသသွားမှာဖြစ်ပြီး ဒီကားထဲမှာ မဲခေါင်မြစ်ရဲ့ အနာဂတ်ကို မတူညီကြတဲ့ ယဉ်ကျေးမှုတွေပေါ် အခြေခံတဲ့ အမြင်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာကို ရှုစားကြရမှာပါ။ လာမယ့် ၂၀၃၀ ပြည့်နှစ်ကို ဇာတ်အိမ်တည်ထားပြီး  အသက်သွေး ကြောတခုဖြစ်တဲ့ မဲခေါင်မြစ်ကို ကာကွယ်လိုစိတ်တွေ ပေါ်ပေါက်လာအောင် ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ အခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်မှာ ဒိုင်တွေအနေနဲ့ Wathann Competition အတွက် ကဗျာဆရာ၊ စာရေးဆရာ မောင်ဒေး၊ Czech Republic နိုင်ငံမှ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ FAMU မှ ရှပ်ရှင် ကျောင်း ဆရာဖြစ်သူ Vit Janecek၊ Japan နိုင်ငံ Image Forum Film Festival မှ Director ဖြစ်သူ Koyo Yamashita တို့က ပါဝင်ဆောင်ရွက်ပေးကြမှာဖြစ်ကာ Emerging Competition အတွက် ဒါရိုက်တာ ဏကြီး၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ ထုတ်လုပ်သူ မခင်စန္ဒာမြင့်တို့က ပါဝင်သွားကြမှာ ဖြစ်ပါတယ်။   ပွဲတော်မှာ ပြသဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် ဇာတ်ကားတွေတော့ အောက်တိုဘာ ၁ ရက်နေ့က စတင်ကာ တရားဝင်ဝက်ဘ်ဆိုက်ဒ် www.wffcinema.com မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဇာတ်ကားတွေအနေနဲ့ Wathann Competition ကဏ္ဍအတွက် ပြိုင်ပွဲဝင် ဇာတ်ကား ၂၀ နဲ့ Emerging Competition ကဏ္ဍအတွက် ပြိုင်ပွဲဝင်ဇာတ်ကား ၈ ကားပါ ဝင်ကာ Best Short Film Award၊ Best Documentary Award၊ New Vision Award၊ Emerging Filmmaker Award တွေအပြင် ပရိသတ်တွေက ရွေးချယ်ပေးလို့ရတဲ့ Audience Award ဆုတွေကိုလည်း ကဏ္ဍနှစ်ခုလုံးမှာ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ အချိန်နဲ့ တပြေးညီ အသိပေးသွားမှာ ဖြစ်ပါတယ်။
8 months Ago

January 12, 2020

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် Edutainment Festival ကျင်းပမည်

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ် Edutainment Festival 2020 ပွဲတော်ကို လာမယ့် မတ်လ ၁ ရက်နေ့မှာ နိုင်ငံကျော် အနုပညာရှင်တွေ အတတ်ပညာရှင်‌တွေနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။ Edutainment ဆိုတာဟာ Educational Entertainment ကနေ ဆင်းသက်လာတာ ဖြစ်ပြီး နိုင်ငံတကာမှာတော့ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်တဲ့ နည်းပညာရပ်တခု ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် မိတ်ဆက်ကျင်းပမယ့် ပွဲတော်တခုဖြစ်မယ့်အပြင် ဒီပွဲကို လာတက်တဲ့ ကလေးတွေအနေနဲ့ စိတ်ဓာတ်တက်ကြွမှုတွေကို ရရှိမှာဖြစ်ပြီး နည်းလမ်းမှန်တဲ့ လမ်းကြောင်းကို ရောက်ရှိဖို့အတွက် အခွင့်အရေးတွေ ရရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီပွဲတော်ကိုတော့ မန္တလေးမြို့ Mandalay Convention Center မှာ ကျင်းပမယ်လို့ သိရပါတယ်။ Emotion Cost and Trainer ဖြစ်တဲ့ မဝေဝေဖြိုးမောင်က “Edutainment Festival ဆိုတာက Educational Entertainment ကနေ ဆင်းသက်လာတာပါ။ အနောက်နိုင်ငံမှာဆိုရင် ၁၉၅၄ ခုနှစ်လောက်ကတည်းက သူတို့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ နည်းပညာတခု ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီဟာကို မြန်မာပြည်မှာ ပထမဦးဆုံး မိတ်ဆက်ပေးမယ့် အဖွဲ့ပေါ့နော်၊ ပွဲကိုတော့ လာမယ့် ၂၀၂၀ မတ်လ ၁ ရက်နေ့မှာ မန္တလေးက MCC ခန်းမမှာ ခမ်းခမ်းနားနား ကျင်းပသွားမှာပါ။ အနုပညာရှင်တွေ အများကြီးလည်း ပါတယ်။ အတတ်ပညာရှင်တွေ ကျနော်တို့ ထရိန်နာတွေလည်း ပါမယ့်ပွဲလေးပေါ့နော်၊ ဒီပွဲလေးက”လို့ ပြောပါတယ်။ အနုပညာရှင်တွေဖြစ်တဲ့ ဝေကြီး၊ J Fire၊ အိမ့်ချစ်၊ Project K၊ Bees Poison Dance Crew (Dancer အဖွဲ့) စတဲ့အနုပညာရှင်များစွာ ပါဝင်မှာဖြစ်ပြီး အနုပညာရှင်တွေရဲ့ ဘဝမှာ အောင်မြင်မှုကို ရရှိအောင် ကြိုးစားခဲ့ရပုံတွေ၊ စိတ်ဓာတ်တက်ကြွမှုတွေ ရရှိလာအောင် ဟောပြောတာတွေ ပါဝင်မယ်လို့ သိရပါတယ်။ ဒီပွဲတော်မှာ Trainer အဖြစ် တာဝန်ယူထားတဲ့ ကိုဉာဏ်လင်းအောင်က “နိုင်ငံတကာမှာ ဆိုတာတော့ Edutainment ဆိုတာတွေ ထဲထဲဝင်ဝင် တော်တော်များများ လုပ်လာတယ်ပေါ့နော်။ ကျနော်တို့လို ပွဲကြီးတွေ တချို့လုပ်တာတွေ ရှိတယ်၊ တချို့ကျလည်း ဥပမာ Film Festival လိုဟာမျိုး၊ နောက် ဒီရုပ်ရှင်ပွဲတော်လိုဟာမျိုးဆိုရင် ဇာတ်ကားလည်း ပြတယ်။ ဒီထဲမှာ ပါလာတဲ့ education လည်း ရစေတယ်ပေါ့နော်၊ အဲဒီတော့ နိုင်ငံတကာမှာတော့ တော်တော်လုပ်နေပြီ၊ မြန်မာပြည်မှာလည်း ခု တော်တော်လုပ်နေကြပါပြီ၊ ထားပါတော့၊ ဂိမ်းကစားရင်းနဲ့ ဂိမ်းထဲကနေ Lesson Learn လုပ်လိုက်တာမျိုးတွေ ရှိနေပြီပေါ့နော်၊ ဒါပေမဲ့ ဒီလိုမျိုးပွဲကြီးတွေကတော့ ပထမဆုံးဖြစ်တယ်ပေါ့နော်၊ နိုင်ငံတကာမှာလည်း တချို့တော့ ရှိနေပါပြီပေါ့နော်" လို့ ဆိုပါတယ်။ နိုင်ငံတော်မှ အကောင်အထည်ဖော်ရန် ကြိုးစားနေတဲ့ လက်တွေ့ကျတဲ့ ပညာရေးစနစ်ကို အထောက်အကူပြုနိုင်စေဖို့၊ Generation Gap မှာ ဖြစ်ပေါ်နေတဲ့ မိဘနဲ့ သားသမီးကြား အယူအဆ မတူညီမှုတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းများ သိရှိစေဖို့၊ မြန်မာပြည်မှာရှိတဲ့ လူငယ်တိုင်း လိုအပ်တဲ့ ပညာရပ်တိုင်းကို ပေါ့ပါးလွတ်လပ်စွာ သင်ယူနိုင်တဲ့ နည်းလမ်းတွေ သိရှိစေဖို့၊ Sociatey 5.0 ခေတ်မှာ ကမ္ဘာ့လူငယ်‌တွေ လက်တွေ့ကျကျ လုပ်ကိုင်နေတဲ့ နည်းလမ်းတွေကို သိရှိစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ Edutainment Festival 2020 ကို ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲတော်အတွက် လက်မှတ်တွေကိုတော့ VVIP , VIP, Diamond, Gold စတဲ့ အဆင့်လေးဆင့် ခွဲခြားထားပြီး ငွေကျပ် ၄ သောင်းကနေ ၃ သိန်းအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။  ဒီပွဲကို Wholeness (EQ & Family Solutions) Co,.Ltd က ကြီးမှူး ကျင်းပမှာ ဖြစ်ပြီး ရန်ကုန်မြို့မှာလည်း ဆက်လက်ကျင်းပဖို့ စီစဉ်နေပြီး ဒီပွဲတော်ကို အသက် တစ်ဆယ့်နှစ်နှစ်ကနေအထက် အရွယ်တွေ တက်ရောက်လေ့လာနိုင်မယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
1 year Ago
More News
Up