လူတဖက်သားအပေါ် ထိခိုက်သွားစေနိုင်တဲ့ မိမိအပြုအမူအတွက် တောင်းပန်ပါတယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီ ပတယ်က နိုဝင်ဘာလ ၂၀ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ပတယ်ဟာ ဝန်ထမ်းတွေအပေါ် အော်ငေါက်တာနဲ့ ဆဲဆိုတာအပါအဝင် ဝန်ကြီးဌာန ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်လို့ စုံစမ်းရေးအစီရင်ခံစာက မှတ်ချက်ပြုပြီးနောက်မှာ သူက တောင်းပန်လိုက်တာပါ။
သီးခြားအကြံပေး အဲလက်စ် အလန်က ပြုလုပ်တဲ့ အစီရင်ခံစာက ပြည်ထဲရေး ဝန်ကြီး ပတယ်ရဲ့ အပြုအမူဟာ ဝန်ထမ်းတွေကို လေးလေးစားစား ဆက်ဆံသင့်တယ်ဆိုတဲ့ ဗြိတိန်ဝန်ကြီးဌာန ကျင့်ဝတ်တွေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။
များသောအားဖြင့် ကျင့်ဝတ်ချိုးဖောက်တာကို တွေ့ရှိရင် ဝန်ကြီးတွေဟာ ရာထူးကနေ နုတ်ထွက်လေ့ရှိပါတယ်။ ဒါပေမဲ့ ပတယ်ကတော့ သူဟာ တခြားလူတွေအပေါ် ထိခိုက်လိုစိတ် မရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး ဝန်ကြီးချုပ် ဂျွန်ဆင်ကလည်း ပတယ်ဟာ ကျင့်ဝတ် မချိုးဖောက်ခဲ့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပတယ်မှာ အပြစ်မရှိဘူးလို့ ဂျွန်ဆင်က ဆုံးဖြတ်ပြီးပြီးချင်းမှာပဲ စုံစမ်းရေး ပြုလုပ်တဲ့ အလန်က ရာထူးက နုတ်ထွက်ခဲ့ပြီး အတိုက်အခံတွေကလည်း ဝန်ကြီးချုပ်ဟာ အနိုင်ကျင့်မှုကို ခွင့်ပြုနေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။
2 years Ago