ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှု

November 2, 2017

ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှု အဆုံးသတ်ရေး အဆို အမေရိကန် ကန့်ကွက်

ကျူးဘားအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူတာကို အဆုံးသတ်ဖို့ တိုက်တွန်းတဲ့ ကုလအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်မဲ ပေးခဲ့ပါတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု အဆုံးသတ်ဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ၁၉၁ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပြီး၊ အမေရိကန်နဲ့ အစ္စရေး ၂ နိုင်ငံတည်းကသာ ကန့်ကွက်မဲပေးခဲ့တာဖြစ်ပါတယ်။ “ဒီနေ့ ပြစ်မှုကျူးလွန်နေတာက  ကျူးဘားအစိုးရဲ့ သူ့ပြည်သူတွေကို ဆက်လက်ဖိနှိပ်နေတဲ့ လုပ်ရပ်ပါ။ လွတ်လပ်ပြီး၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်စေဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေကိုတောင် လုပ်မပေးနိုင်တဲ့ကိစ္စပါ။ ကျမတို့ရဲ့ တုံ့ပြန်ချက်ကတော ကျူးဘား ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာပါ။ သူတို့ရဲ့ အနာဂတ်ကို သူတို့ဆုံးဖြတ်ခွင့်အတွက် ရပ်တည်ခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်းပဲ ဒီဆုံးဖြတ်ချက်ကိုတင် စဉ်းစားနေပြီး ဒီညီလာခံရဲ့ အချိန်တွေကို ဖြုန်းနေတာပါ။ အမေရိကန်ဟာ ဒီလို အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုမှုတွေကို ခံနေရပါတယ်။ ကျူးဘားပြည်သူတွေ ခံစားနေရတဲ့ကိစ္စမှာ အမှန်တကယ်တာဝန်ရှိတဲ့ ဒီစနစ်ကနေ အာရုံလွှဲစေတဲ့ တောင်းဆိုမှုတွေနဲ့ အမေရိကန်ဟာ ကြုံတွေ့နေတာ ဖြစ်ပါတယ်။ ဒီလိုကြုံတွေ့နေရပေမယ့်လည်း အမေရိကန်ကတော့ အာရုံလွှဲသွားမှာ မဟုတ်ပါဘူး။ ကျမတို့ဟာ ကျူဘားပြည်သူတွေနဲ့ သူ့တို့ရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရက်တစ် အနာဂတ်ကြား ရပ်တည်နေမှုကနေ မျက်ခြည်ပြတ်သွားမှာ မဟုတ်ပါဘူး။ ဒီအချက်တွေကြောင့်ပဲ နှစ်ပေါင်း ၂၆ နှစ်အတွင်း ၂၅ ကြိမ်မြောက်အဖြစ် ဒီဆုံးဖြတ်ချက်ကို အမေရိကန်က ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက ပြောပါတယ်။ အမေရိကန်ရဲ့ ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ ကုလလုံခြုံရေးကောင်စီရဲ့ ယခင်ဆုံးဖြတ်ချက်တွေကို  ၂၅ နှစ်တာကာလအတွင်း အမေရိကန်က ၂၄ နှစ်တိတိ ကန့်ကွက်ခဲ့တာပါ။ အမေရိကန်သမ္မတ အိုဘားမားလက်ထက် ၂၀၁၆ ခုနှစ် တနှစ်တည်းသာ ကျူးဘားနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ ကြိုးပမ်းတဲ့အနေနဲ့ ထောက်ခံမဲပေးခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up