ကျူရှင်

July 4, 2018

ကျူရှင်​ဆရာ​တွေ အလုပ်​ဖြစ်​​နေကြသလား

ပညာ​ရေး​လောကမှာ ကျူရှင်​သင်​ကြားတဲ့ ဆရာ​တွေ အ​ရေးယူမယ်​ဆိုတဲ့ သတင်း​တွေ တွင်​တွင်​ကျယ်​ကျယ်​ ကြားလာရပါတယ်​။ အစိုးရ​ကျောင်း​တွေရဲ့ ပုံရိပ်​ ကျဆင်းလာတာနဲ့အမျှ ကျူရှင်​လောကဟာ နာမည်​ရလာပါတယ်​။ ဆရာ၊ ဆရာမ​တွေကလည်း အပိုဝင်​​ငွေရ​အောင် ​မိမိတို့တတ်​ထားတဲ့ ပညာနဲ့ လုပ်​စားလာကြပါတယ်​။ ဒီ​နေရာမှာ ဆရာတ​ဦးချင်းစီရဲ့ သ​ဘောထားအ​ပေါ် မူတည်​ပြီး ကျူရှင်​သင်​ကြားမှုအ​ပေါ်မှာ အ​ကောင်းအဆိုး ကွဲပြားလာရာက ဆရာ​တွေ ကျူရှင်​မသင်​ရ ဆိုတဲ့ သတ်​မှတ်​ချက်​​တွေ​ ပေါ်လာပါတယ်။ မိမိဆီမှာ ကျူရှင်​မတက်​တဲ့​ ကျောင်းသားကို ဖိနှိပ်​ပြီး ကျူရှင်​​တက်​တဲ့​ ကျောင်းသားကို မျက်​နှာသာ​ပေးတဲ့အတွက်​ ​ကျောင်းသားမိဘ​တွေ​၊ ကျောင်းသား​တွေရဲ့​ ဝေဖန်​မှု​တွေ ကြားလာရပါတယ်​။ ဒါ​ပေမယ့် ကျောင်းသားမိဘများက​တော့ အချိန်​တန်​ရင် ကျူရှင်​ဆရာ​တွေဆီ ကိုယ့်သားသမီးကို အပ်​ကြတာပါပဲ။ သူတို့ အမြဲ​ပြောကြတာက အစိုး​ရ​ကျောင်းကိုချည်းပဲ အားကိုးလို့ မရဘူး​လေတဲ့။ ကျောင်း​တွေမှာ ဆရာ၊ ဆရာမ​တွေက ဂရုတစိုက်​ မသင်​ကြဘူးတဲ့။ ကျူရှင်​ကျမှ သင်​တာတဲ့။ ဒီအသံ​တွေကြားရတာ တကယ်​ စိတ်​မချမ်းသာစရာပါပဲ။ က​လေး​တွေမှာလည်း အိမ်​နဲ့​ ကျောင်း၊ ​ကျောင်းနဲ့အိမ်​၊​ ကျောင်းကသင်​တဲ့စာ၊ ကျူရှင်​ကသင်​တဲ့စာနဲ့ လုံးလည်​ချာလည်​ လိုက်​​နေရတာပါပဲ။ ဒီ​နေရာမှာ ဆရာ​တွေက​ ကျောင်းမှာ စာ​ကောင်း​ကောင်းမသင်​လို့ ကျူရှင်​ပို့ရတယ်​ဆိုတဲ့ အချက်​က အ​တော်​​လေး စိတ်​ပျက်​ဖို့​ကောင်းပါတယ်​။ တကယ်​​ရော ဒီလို​တွေ ဖြစ်​​နေလားဆို​တော့ တကယ်​ဖြစ်​​နေတာ​တွေကလည်း ရှိပါတယ်​။ ဆရာ​တွေက ​ကျောင်းမှာ က​လေး​တွေကို စာ​ကောင်း​ကောင်းမသင်​ဘူးဆိုတဲ့ အချက်​က သူ့ဆီမှာ ကျူရှင်​လာတက်​​စေချင်​လို့ မသင်​တာလား​ပေါ့။ ဒါ​တွေက တကယ်​တမ်း ပညာ​ရေး​လောကမှာ ဖြစ်​​နေတဲ့​ ဖြေရှင်းရခက်​တဲ့ ပြဿနာ​တွေလည်း ဖြစ်​ပါတယ်​။ ဘာပဲဖြစ်​ဖြစ်​ ပုပ်​လို့​ ပေါ်သလို ဟုတ်​လို့လည်း ​ကျော်​ခဲ့ပါပြီ။ ဆရာ​တွေ ဆရာစိတ်​ အားနည်းလာတဲ့အ​ပေါ်မှာ ကျနော်​တို့ အ​ဖြေရှာသင့်ပါပြီ။ အလုပ်​အကိုင်​ အခွင့်အလမ်း​တွေ ရှားပါးတဲ့အတွက်​ ဘွဲ့ရရင်​ အလုပ်​တခု ဝင်​လုပ်​ဖို့အတွက် ​ဘယ်​ဌာနကပဲ​ ခေါ်​ခေါ် အလုပ်​​လျှောက်​ကြတယ်​။ ဝါသနာပါတာ၊ မပါတာက​ နောက်​။ အလုပ်​တခုရဖို့က အ​ရေးကြီး​နေတာ​လေ။ အဲဒီမှာ အလုပ်​လည်းရ​ရော ​ကျောင်းဆရာလစာနဲ့ ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ဆိုပြီး အပိုဝင်​​ငွေရှာဖို့ လုပ်​ကြ​တော့ ​ကျောင်းဆရာက ကျူရှင်​သင်​ဖို့ အရင်​မြင်​တယ်​။ ကျူရှင်​ဆရာ​တွေကလည်း ဝင်​​ငွေ​ကောင်း​နေကြ​တော့ လစာ​လောက်​ကို စဉ်းစားစရာ မဟုတ်​ဘူး။ ဆရာဆိုတဲ့ နာမည်​​လေးရတာနဲ့ ကျူရှင်​ပြပြီး​ ငွေရှာတယ်​။ တကယ်​ ကိုယ်​တာဝန်​ကျတဲ့​နေရာကို မသွားဘဲ ရုံးနဲ့ညှိပြီး​နေတဲ့ ဆရာ​တွေ​တောင်​ မြင်​ဖူးပါတယ်​။ ခုထိလည်း ရှိ​နေဆဲပါပဲ။ သူတို့က လစာကို ရုံးက အထက်​လူကြီး​တွေကို တဝက်​​ပေးထားတယ်​။ အထက်​လူကြီး​တွေအ​နေနဲ့လည်း ဆရာတယောက်​ကို ခုလက်​ရှိ လစာအ​နေအထားအရ တဝက်​ဆိုရင်​​တောင်​ တသိန်း​လောက်​ ရတာဆို​တော့ အဲဒီလို ဆရာ ဆယ်​​ယောက်​​လောက်​ ရှိရင်​ သူတို့က ဘာမှမလုပ်​ရဘဲ တ​လ ဆယ်​သိန်း​လောက် ​ဝင်​​နေ​ရော။ ​ငွေ​ပေးထားရတဲ့ ဆရာ​တွေဘက်​ကလည်း ကိုယ်​ တာဝန်​ကျတဲ့​ နေရာလည်း သွားစရာမလို၊ ကိုယ့်ရပ်​ကိုယ့်ရွာမှာပဲ မိသားစုနဲ့ အိုးမကွာ အိမ်​မကွာ​ နေရင်း လစာလည်း တဝက်​​လောက်​ကျန်​တယ်။ အပြင်​ကျူရှင်​ပြတာက လစာထက် ​ပိုများ​နေ​တော့ သူတို့ကလည်း တွက်​​ခြေကိုက်​တယ်​။ နှစ်​ဦးနှစ်​ဖက် ​အကျိုးတူ ပူး​ပေါင်းပြီး လုပ်​ကြတာ​တွေ​ပေါ့။ တကယ်​တမ်း နစ်​နာရတာက​ ကျောင်းသားမိဘ​တွေနဲ့​ ကျောင်းသား​တွေပါပဲ။ သားသမီး ပညာသင်​ဖို့အတွက် ကျူရှင်​​ခက ကိုးတန်း၊ ဆယ်တန်းဆို​ ​​တလ ငါး​သောင်း ​ခြောက်​​သောင်း​လောက် ​ပေး​နေရတာ​ပေါ့။ ကျောင်းသား​တွေအ​နေနဲ့ကလည်း နားချိန်​မရဘူး။ ​ကျောင်းကဆင်းရင် ​ကျူရှင်​​ပြေးရပြန်​​ရော။ တ​ချို့များ ည စာဖတ်​​ကျောင်းဆိုပြီး သွားရ​တာ ရှိ​သေးတယ်​။ စာဖတ်​​ကျောင်းကလည်း အလကားရတာ​တော့ မဟုတ်​ဘူး။ တလ တ​သောင်းခွဲ​လောက်​​ ပေးရတာ။ ဒီလိုနဲ့ ကျူရှင်​​လောကဟာ အ​တော်​​လေး​ အောင်​မြင်​လာတယ်​။ ကျူရှင်​ဆရာ​တွေ အားလုံးနီးပါးဟာ လက်​ဖျား​ ငွေသီး​နေတယ်​လို့​တောင်​ ပြောလို့ရပါတယ်​။ ငွေရတာ​တော့ ထားပါ​တော့။ ဒါကို ပြဿနာတခုလို​တော့ မမြင်​မိပါဘူး။ ကျူရှင်​ဆရာဆိုတာ သူတို့ရဲ့အချိန်​​တွေကို အခြားဆရာ​တွေထက် ​ပိုရင်းထားရတာပါ။ သူများ​တွေ နားတဲ့အချိန် အာပြဲ​အောင်​​ အော်​​နေရတာပါ။ အခြားဆရာ​တွေ နား​နေတဲ့အချိန်​မှာ သူတို့က အလုပ်​လုပ်​​နေကြတာ​လေ ​ငွေရတာ​ပေါ့။ ဒါကို​တော့ အပြစ်​လို့ မဆိုချင်​ပါဘူး။ ပြဿနာက ကျူရှင်​ပြတဲ့ ဆရာ​တွေထဲမှာ တ​ယောက်​နဲ့တ​ယောက်​ အပြိုင်​အဆိုင်​​တွေ ဖြစ်​လာပါတယ်​။ သူ့​ကျူရှင်​​ကောင်းတယ်​၊ ငါ့ကျူရှင်​ကောင်းတယ်​နဲ့ တဖက်​ကိုတ​ဖက် ​ထိုးနှက်​လာကြပြန်​ပါတယ်​။ ​ဘာသာရပ် လုလာကြပါတယ်​ အတန်းပိုင်​ လုလာကြပါတယ်​။ တ​ကျောင်းတည်း အတူတာဝန်​ကျ​နေ​ပေမယ့် တ​ယောက်​နဲ့တ​ယောက်​ မတည့်ကြ​တော့ပါဘူး။ မတည့်သူ​တွေက တကျောင်းတည်း အတူတာဝန်​ထမ်း​ဆောင်​ရပြီ ဆိုကတည်းက အဆင်​မ​ပြေကြ​တော့ပါဘူး။ လူဆိုတာက ကိုယ်နဲ့ မတည့်တဲ့သူရဲ့ မျက်​နှာမြင်​ရင်​ အလိုလို​ ဒေါသဖြစ်​တတ်​​သေးတာကိုး။ ​ဒေါသဖြစ်​မိ​တော့ စိတ်​အ​နှောင့်​အယှက်​ဖြစ်​။ အဲဒီမှာ တကယ်​တမ်း နစ်​နာရတာက က​လေး​တွေ​ပေါ့။ စိတ်​မကြည်​လင်​တဲ့ ဆရာတ​​ယောက်​အ​နေနဲ့ သင်​ကြား​ရေးကို ဘယ်​​လောက်​ ထိထိ​ရောက်​​ရောက်​ လုပ်​နိုင်​မလဲ။ ဒီလိုနဲ့ ​ကျောင်းရဲ့ပုံရိပ်​ဟာ ကျဆင်းရပါတယ်​။ သက်​ဆိုင်​ရာ​ကျောင်းရဲ့​ ကျောင်းအုပ်​ကြီး​တွေကလည်း မိမိ​ကျောင်းကို စည်းကမ်းစနစ်​တကျဖြစ်​​အောင် မစီမံနိုင်​ခဲ့ရင်​ အဲဒီ​ကျောင်းရဲ့ အတွင်းပိုင်းမှာ ကျူရှင်​လုကြရင်း ဆရာ၊ ဆရာမ​တွေ အုပ်​စုကွဲကုန်​​တော့တာပါပဲ။ အဲဒီမှာ အစိုးရ​ကျောင်း​တွေရဲ့ ပုံရိပ်​ဟာ ကျဆင်းလာတယ်​။ ဒါ​ကြောင့် ပညာ​ရေးဌာနနဲ့ ကျူရှင်​​လောကဟာ ဂျာ​အေးကို သူ့အ​မေရိုက်​တဲ့ကိန်း ဆိုက်​ရတာပါပဲ။ လူဆိုတာ ကိုယ့်ကို ထမင်း​ကျွေးတဲ့ အလုပ်​ကို တ​လေးတစား လုပ်​တတ်​ကြပါတယ်​။ ကျနော်​တို့ ဆရာ၊ ဆရာမ​တွေကို ထမင်း​ကျွေးတဲ့အလုပ်​က ပညာသင်​ကြား​ရေးပါ။ ဒါဆို အစိုးရ​ကျောင်း​တွေမှာ ပညာသင်​ကြား​ရေးအလုပ်​ကို တ​လေးတစား မလုပ်​ဘဲ ဘာ​ကြောင့် ကျူရှင်​လို့​ခေါ်တဲ့ ကိုယ်​ပိုင်​အလုပ်​ကို​ လေး​လေးစားစား လုပ်​ကြတာလဲဆို​တော့ အ​ဖြေက ရှင်းပါတယ်။ ငွေပိုရလို့ပါပဲ။ ခေတ်​ကာလ အ​ခြေအ​နေအရ လူ​တွေဟာ လိုအပ်​ချက်​​တွေ ပိုများလာသလို အဲဒီလိုအပ်​ချက်​​တွေဖြည့်ဖို့ ငွေပိုလိုလာပါတယ်​။ ဒါ​ကြောင့်ပဲ ရတဲ့လစာနဲ့ အဆင်​မ​ပြေနိုင်​တဲ့အခါ ​ကျောင်းဆရာ၊ ဆရာမ​တွေ အပိုဝင်​​ငွေရှာရာက ကျူရှင်​စနစ်​ဟာ ထွန်းကားလာတယ်​။ ဒါကို မလုပ်​ရဘူးဆိုပြီး စာထုတ်​ တားမြစ်​​နေရုံနဲ့ ဒီစနစ်​ဟာ ရပ်​တန့်​သွားမှာ မဟုတ်​ပါဘူး။ ဒါဟာ တကယ့်အ​ဖြေ မဟုတ်​ပါဘူး။ တကယ့်အ​ဖြေက ဆရာ၊ ဆရာမ​တွေရဲ့ ဘဝကို ​ခေတ်​ကာလ အ​ခြေအ​နေအရ လူတန်း​စေ့​ နေနိုင်​​အောင် ဖန်​တီး​ပေးခြင်းပါပဲ။ ဒီ​နေရာမှာ​တော့ ​ခေတ်​အ​ခြေအ​နေနဲ့ လူတန်း​စေ့​ နေနိုင်​ခြင်းကို ဘာနဲ့တိုင်းမလဲလို့​ စောဒကတက်​စရာ ရှိပါတယ်​။ ဆိုလိုတဲ့သ​ဘောက ဆရာ၊ ဆရာမ တယောက်​ဟာ တာဝန်​ချိန်​ကို​ လေး​လေးစားစားနဲ့ တာဝန်​​ကျေ​အောင်​ ဆောင်​ရွက်​​နေဖို့အတွက် ပညာ​ရေးအလုပ်​ကို​ ဇောက်​ချလုပ်​နိုင်​ဖို့အတွက် သူ့ဘဝရဲ့ အခြားလိုအပ်​ချက်​​တွေကို ဖြည့်ဆည်းနိုင်​မယ့်ငွေကို ဒီလုပ်​ငန်းက ရ​နေဖို့ လိုအပ်​ပါလိမ့်​မယ်​။ ဒီလိုရ​နေရင် သူဟာ ဒီအလုပ်​ကို ​လေးစားလာပါလိမ့်မယ်။ ဒီ​နေရာမှာ NGO အဖွဲ့အစည်း​တွေမှာ တာဝန်​ထမ်း​ဆောင်​​နေတဲ့ NGO ဝန်​ထမ်း​တွေကို ပြန်​ကြည့်မိပါတယ်​။ NGO ဝန်​ထမ်း​တွေဟာ အလုပ်​ကို​ လေးစားကြတယ်​။ အချိန်​ကို​ လေးစားကြတယ်​။ သတ်​မှတ်​ထားတဲ့ စည်းကမ်းကို လိုက်​နာကြတာ​တွေဟာ အစိုးရဝန်​ထမ်း​တွေထက်​ သာပါတယ်​။ ဒါဟာ ဘာ​ကြောင့်လဲလို့​ တွေးမိပါတယ်​။ NGO အဖွဲ့အစည်းမှာ အလုပ်​လုပ်​တဲ့ ဝန်​ထမ်း​တွေဟာ သူတို့အလုပ်​ချိန်​ ပျက်​ကွက်​မှာကို​ ကြောက်​ကြတယ်​။ မလိုအပ်​ဘဲ ခွင့်ယူတာမျိုး​တွေ မရှိဘူး။ လူနည်းစုကို စီမံခန့်​ခွဲရတာ​ကြောင့် လက်​လုံနိုင်​တဲ့ အ​ခြေအ​နေမျိုး ဖြစ်​တယ်​လို့​ ပြောစရာရှိပါတယ်​။ ဒါ​ပေမယ့် ဒီအချက်​ကလည်း အဓိကမကျပါဘူး။ အစိုးရဌာနဆိုင်​ရာ​တွေမှာလည်း လူနည်းတဲ့ဌာန​တွေ ရှိတာပါပဲ။ တချို့ဌာန​တွေဆိုရင်​ တမြို့နယ်​လုံးမှ ဝန်​ထမ်းအင်​အား ငါး​ယောက်​​လောက် ​ရှိတာပါ။ ဒါ​ပေမယ့် အလုပ်​ချိန်​နဲ့ အလုပ်​စည်းကမ်းအရာမှာ NGO ဝန်​ထမ်း​တွေ​လောက်​​ လေးစားလိုက်​နာမှု မရှိတာ​တွေ ​တွေ့​နေရပါတယ်​။ ဒီ​နေရာမှာ ကျနော့်​အမြင်​ကို​ ပြောရရင်​ NGO ဝန်​ထမ်း​တွေဟာ လစာ​ကောင်းတယ်​။ အစိုးရဝန်​ထမ်း​တွေရဲ့ လစာထက် သူတို့ရဲ့လစာဟာ မြင့်တယ်​။ ဒီအလုပ်​ကို ​ဇောက်​ချလုပ်​​နေခြင်းအားဖြင့် သူတို့ဘဝရဲ့​ နေ့စဉ်လိုအပ်​ချက်​​တွေ ဖြေရှင်းရာမှာ အဆင်​​ပြေတယ်​။ ဒါ​ကြောင့် သူတို့အလုပ်​ကို သူတို့​ လေး​လေးစားစား လုပ်​ကြတယ်​။ နောက်​ပြီး သူတို့မှာ ဆု​ပေး ဒဏ်​​ပေးစနစ်​ ရှိတယ်​။ တာဝန်​​ကျေတဲ့ ဝန်​ထမ်းကို ချီးမြှင့်တာမျိုး​တွေ ရှိတယ်​။ ဒါ​တွေဟာ လူတယောက်​ အလုပ်​ကို စိတ်​ဝင်​တစား လုပ်​​ဆောင်​နိုင်​လာမယ့် တွန်းအား​တွေ ဖြစ်​တယ်​လို့ မြင်​ပါတယ်​။ နောက်​ပြီး ဘယ်​ NGO ဝန်​ထမ်းကမှ အပိုဝင်​​ငွေရှာတဲ့ အလုပ်​မျိုး မလုပ်​ကြဘူး။ အ​ဖြေက​တော့ လုပ်​ဖို့လည်း မလိုအပ်​​တော့ပါဘူး။ သူတို့အလုပ်​က သူတို့အတွက်​ အတိုင်းအတာ တခုအထိ ဖူလုံ​နေလို့ပါပဲ။ အစိုးရဝန်​ထမ်း​တွေအ​နေနဲ့ ​လစာနဲ့ အဆင်​မ​ပြေလို့ အပိုဝင်​​ငွေရှာကြရာက အဂတိလိုက်​စားမှု​တွေ ဖြစ်​လာတယ်​။ အလုပ်​ချိန်​မှာ တာဝန်​လစ်​ဟင်းမှု​တွေ ဖြစ်​လာကြပါတယ်​။ ဒါဟာ တကယ်​​တော့ ကျနော်တို့နိုင်​ငံရဲ့ စနစ်​​တွေ​ကြောင့် ဖြစ်​​နေရတာ​တွေပါပဲ။ အစိုးရဝန်​ထမ်း ဆရာ၊ ဆရာမ​တွေ အ​နေနဲ့လည်း ကိုယ့်အလုပ်​ကိုယ် ဂုဏ်​သိက္ခာရှိရှိ လုပ်​ချင်​ကြမှာပါပဲ။ ဒါ​ပေမယ့် ရိုးရိုးသားသားနဲ့ တာဝန်​ကို​ ကျေပွန်​​အောင်​ ထမ်း​ဆောင်​သွားကြတဲ့ ဝန်​ထမ်း​တွေဟာ အသက်​​ခြောက်​ဆယ်​ပြည့်ရင်​ မှီခိုဘဝ​ ရောက်​သွားရခြင်းဟာ ကျနော်​​တို့​တွေရဲ့ စာရိတ္တကို​ ပျက်​စီးအောင် တွန်းအား​ပေး​နေသလို ဖြစ်​​နေတယ်​။ ကျူရှင်​သင်​တယ်​ ဆိုတာကလည်း​ ငွေနဲ့ပညာကို အလဲအလှယ်​လုပ်​တဲ့ သ​ဘောပါပဲ။ ကျူရှင်​ဆရာက အချိန်​နဲ့ပညာကို ရင်းတယ်​။ ကျူရှင်​တက်​တဲ့က​လေးက အချိန်​နဲ့​ငွေကို ရင်းတယ်​။ အဲဒီမှာ နှစ်​ဦးနှစ်​ဖက် အဆင်​​ပြေ​နေတဲ့အခါ အလုပ်​ဖြစ်​တယ်​။ ကျူရှင်​သင်​တာ​တွေ မလုပ်​ဖို့ ကျူရှင်​စနစ်​ကို ပ​ပျောက်​​အောင်​လုပ်​ဖို့အတွက် ​အဓိက လုပ်​​ဆောင်​ရမယ့်​ အချက်​က ဆရာ၊ ဆရာမ​တွေရဲ့ဘဝကို ဖူလုံ​အောင်​လုပ်​​ပေးဖို့ လိုတယ်​လို့ မြင်​ပါတယ်​။ ​ကွယ်​လွန်​သွားရှာပြီဖြစ်​တဲ့ အငြိမ်းစားဆရာကြီးတ​ဦး ​ပြောဖူးတာ မှတ်​မိ​နေပါ​သေးတယ်​။ ‘ငါတို့ခေတ်​တုန်းက ရွာမှာ လက်​ဖက်​ရည်​သောက်​နိုင်​တာ ​ကျောင်းဆရာပဲ ရှိတယ်​ကွ။’ အဲဒီဆရာကြီး​ ပြောခဲ့တဲ့ ငါတို့​ခေတ်​ဆိုတာ ဘယ်​လို​ခေတ်​များလဲလို့​ တွေးကြည့်ရင်း အဲဒီ​ခေတ်​က ဆရာတ​ယောက်​ရဲ့လစာဟာ တအိမ်​လုံး ထိုင်​စားလို့ရခဲ့တယ်​ ဆိုတဲ့အချက်​က အခု​ခေတ်​မှာ အိပ်မက်​တ​ခုလို ဖြစ်​​သွားခဲ့ပါပြီ။ ​ဒီ​နေ့​ခေတ်​လို အချိန်​မှာ​တော့ ​ကျောင်းဖွင့်ရာသီ​ရောက်​တိုင်း ကျောင်းသားမိဘ​တွေဟာ ကျူရှင်​ဆရာ​ကောင်း​ကောင်းဆီ သူတို့ရဲ့ သားသမီး​တွေ အပ်​နှံဖို့ အလုပ်​ရှုပ်​​နေကြတာကို ကျနော်​တို့ ဘယ်​သူ့ကို အပြစ်​​ပြောရမှာလဲ။ ပန်းသီကြိုး (ရ​သေ့​တောင်​)
3 years Ago
Up