ကျုံထော်ရေတံခွန်

January 5, 2017

လွတ်လပ်ရေးနေ့တွင် ကျုံထော်ရေတံခွန်အနီးတိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ အများပြည်သူ သွားရောက်လည်ပတ်လေ့ရှိတဲ့ ကျုံထော် ရေတံခွန်အနီးမှာ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့က တပ်မတော်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံးစစ်သည်တဦးဒဏ်ရာရသွားပါတယ်။ နယ်မြေလုံခြုံရေးကင်းလှည့်နေတဲ့ အစိုးရတပ်မတော်စစ်ကြောင်းကို ကရင်လက်နက်ကိုင်အဖွဲ့ တဖွဲ့က မနေ့ နေ့ခင်းပိုင်းလောက်က ချောင်းမြောင်းပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်တာလို့ အမည်မဖော်လိုတဲ့ ဒေသခံ တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကင်းလှည့်တဲ့အစိုးရတပ်အဖွဲ့ကို ကျန်တဲ့အဖွဲ့တဖွဲ့က ချောင်းပစ်တယ်လို့ သတင်းကြားတယ်။ ဒီကျုံထော်အထက်နားလောက်မှာ။ အဖွဲ့ကတော့ ဒီကေဘီအေခွဲထွက်တဲ့အဖွဲ့လို့ပဲ ကျနော်တို့ သုံးသပ်တာပေါ့။ ” ပစ်ခတ်မှုတွေ ကြောင့် တပ်မတော်ဘက်က ထိခိုက်မှုတချို့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီကေဘီအေ ငြိမ်းချမ်းရေးအကျိုးဆောင်ကိုယ်စားလှယ် ကိုကျော်သီဟ ကတော့ တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်းနဲ့ ဆွဲမိုင်းနဲ့ ဆွဲပြီး ပတ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ “၁၁၈ တပ်က ၃ ယောက်တော့ဒဏ်ရာရသွားတယ်။ ကျုံထော်အပေါ်ဆက်တက်သွားတဲ့ အကွေ့လေးမှာ ဟိုက ဆွဲမိုင်းနဲ့တချက်ဆွဲပြီးတော့ ပစ်ပြီးပြေးတာဗျာ။ ” ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာမှာတော့ ကျုံထော်ရေတံခွန်အနီးမှာ လုံခြုံရေးဆောင်ရွက်ဖို့ ထွက်ခွာလာတဲ့ တပ်မတော်က တပ်စိပ်တစ်စိပ်ကို ကေကေအိုခွဲထွက်အဖွဲ့ဝင် ၃ ဦးက လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ တပ်မတော်သား တဦးဒဏ်ရာရသွားတယ်လို့ ဖော်ပြပါတယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှာ ပြီးခဲ့တဲ့ ၂၀၁၆ စက်တင်ဘာလဆန်းပိုင်းကစပြီး ဗိုလ်ချုပ် ကျော်သက်ဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံလူထု ၅၀၀၀ကျော် မြိုင်ကြီးငူကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ပြေးရှောင်တွေဟာ ၃ လကျော်ကြာတဲ့ ဒီကနေ့အထိ အိမ်မပြန်နိုင်သေးဘဲရှိနေပါတယ်။ ဒါပေမယ့် တချို့ကတော့ သူနည်းသူဟာနဲ့ ပြန်သွားကြသူတွေ ရှိနေပြီး လတ်တလောမှာတော့ မြိုင်ကြီးငူဒေသမှာ စစ်ဘေးရှောင်သူပေါင်း ၄၀၀၀ နီးပါးကျန်ရှိနေသေးတယ်လို့ ဒေသခံ တာဝန်ရှိသူတဦးက ပြောပါတယ်။ “အခုစာရင်းအရ ၃ ထောင်ကျော်၊ ၄ ထောင်နီးပါးကျန်သေးတယ်။ သူတို့ကတော့ ကျောက်တာက မိုင်းအန္တရာယ်ပေါ့နော်။ မြိုင်ကြီးငူဆရာတော်ရဲ့ ပြန်ခွင့်မရလို့ အဲလိုပဲ သူတို့ပြောပါတယ်။ ဆရာတော်က ဘာမှ သူတို့ကိုပြန်ပါလို့ မပြောလို့ သူတို့လည်း မပြန်သေးဘူးဆိုတဲ့သဘော။” ထွက်ပြေးတိမ်းရှောင်လာစက ပရဟိတအဖွဲ့တွေကရော အစိုးရကပါ အစားအသောက်တွေ ကူညီပေးတာရှိပေမယ့် အခုနောက်ပိုင်း အကူအညီတွေ မရှိသလောက်နည်းပါးသွားတဲ့အတွက် စစ်ဘေးရှောင်လာသူတွေ စားနပ်ရိက္ခာအခက်အခဲရှိနေတယ်လို့ သိရပါတယ်။
5 years Ago
Up