တရုတ်လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယုံကန်း (Zhou Yongkang) ကို အဂတိလိုက်စားမှု စွဲချက်တွေနဲ့ တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်စီရင်လိုက်တယ်လို့ ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၃ ရက်နေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ သြဇာအကြီးဆုံး နိုင်ငံရေးသမား ဖြစ်ခဲ့သူ ကျိုးဟာ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု၊ လာဘ်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့ တရားစွဲ ခံခဲ့ရတာပါ။
အာဏာရပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ကျိုးဟာ ၂၀၁၂ ခုနှစ် အငြိမ်းစား မယူခင်က ပြည်တွင်းလုံခြုံရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူ့မဟာမိတ်ဟောင်းဖြစ်ပြီး အရင်က ထိပ်တန်း နိုင်ငံရေး အကြံပေးဖြစ်သူ လီချုံရှီကိုလည်း တရုတ်တောင်ပိုင်း ကျန်းရှီးပြည်နယ် နန်ချန်မြို့ တရားရုံးမှာ တရားစွဲ အမှုစစ်ဆေးနေပါတယ်။
လီဟာလည်း သူ့ရာဇဝတ်မှုကို ဝန်ခံခဲ့ပြီး နောင်တရကြောင်း ပြောခဲ့တယ်လို့ ဆင်ဟွာက ပြောပါတယ်။
သူက တရားရုံးကို ပူးပေါင်းခဲ့လို့ ပြစ်ဒဏ် လျှော့ပေါ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကျိုးယုံကန်း စီချွမ်ပြည်နယ်မှာ တာဝန်ကျချိန် လီက ရာထူးတိုးခံခဲ့ရပြီး ပါတီရဲ့ ပြည်နယ် ဒုတိယအကြီးအကဲနဲ့ ပြည်နယ်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
လီဟာ စီချွမ်ပြည်နယ်အတွင်း ရာထူးကိုသုံးပြီး အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအပေါ် အဂတိလိုက်စားခဲ့တယ်၊ လီဟာ ဇနီးသည်က တဆင့်ရော တိုက်ရိုက်ပါ ငွေနဲ့ပစ္စည်း စုစုပေါင်း ယွမ်ငွေ ၁၁ ဒသမ ၁သန်းဖိုး လက်ခံခဲ့တယ်၊ ဒါကြောင့် အာဏာပိုင်တွေက သူ့ရဲ့ ယွမ်ငွေတသန်း တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ပြောပါတယ်။
အစိုးရပိုင် လုပ်ငန်းတွေအပေါ် ထိပ်တန်း စည်းကမ်းတင်းကျပ်သူ တဦးဖြစ်တဲ့ ကျန်းကျဲ့မင် အပါအဝင် ကျိုးရဲ့ နိုင်ငံရေး မဟာမိတ် အများအပြားလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး နှိမ်နင်းမှုအတွင်း တရားစွဲခံခဲ့ရပါတယ်။
5 years Ago